လွယ်ဂျယ် စစ်ကောင်စီတပ်ဝင်းထဲမှ ငွေကျပ်သိန်းပေါင်းများစွာ KIA သိမ်းဆည်းရမိ

မဇ္ဈိမ

တရုတ် – မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့ကို မြေပြင်ရှင်းလင်းရေးလုပ်စဥ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၂) တပ်စခန်းမှ ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းKIA အရာရှိတဦးက ပြောသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် တရုတ် – မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး ဧပြီလ ၈ ရက်နေ့ ညပိုင်း၌ တရုတ်နိုင်ငံဘက်သို့ ထွက်ခွာသွားပြီးနောက် ဧပြီလ ၉ ရက်နေ့တွင် KIAတပ်ဖွဲ့ဝင်များက မြေပြင်ရှင်းလင်းရေးပြုလုပ်စဥ် ယခုလို ငွေကျပ်သိန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

“အခု ခန့်မှန်းခြေတော့ သိန်းပေါင်း တသောင်းဝန်းကျင်လောက်ရှိနိုင်တယ်။ သေချာတော့ မစိစစ်ရသေးဘူး။ သူတို့ (စစ်တပ်)ရဲ့ ဂိုဒေါင်လိုအဆောက်အဦ အသေးလေးထဲကနေ သိမ်းမိခဲ့တာဟုတ်တယ်။ လက်နက်တွေလည်းရပါတယ်။ ” ဟု KIAအရာရှိက ဆိုသည်။

လွယ်ဂျယ်မြို့ကို ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့ကတည်းကနေ KIAက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးနှင့် ဆေးရုံကို ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့တွင် ချိပ်ပိတ်ကာ ကချင်အမျိုးသားအလံများကို လွင့်တင်ထားခဲ့ပြီး ဖြစ်သည်။

လွယ်ဂျယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ဘက်ကို ပြန်ထွက်ခွာနိုင်ပြီး စစ်တပ်သိမ်းဆည်းထားသော ငွေကျပ်သိန်းပေါင်းများစွာကို KIAမှ သိမ်းမိခြင်းနှင့်ပတ်သက်ပြီး မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က KIOထံ မေးမြန်းနေဆဲ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)