နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၆ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို မြေပြင်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ်က တရားဝင် ထုတ်ပြန်ကြေညာသည်။ 
  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်များသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
  • မြောက်ဦးမြို့ က ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီကို နိုင်ငံတကာတရားရုံး၌ အရေးယူရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထုတ်ပြန် လိုက်သည်။ 
  • လာမယ့် ၂၀၂၄ ခုနှစ်မှာ နောက်ထပ် အသစ်အသစ်သော အောင်မြင်မှု အချိုးအကွေ့များနှင့် တက်လှမ်းနိုင်ရန် အစိုးရအဖွဲ့ဝင်အားလုံးက ဇွဲလုံ့လဝီရိယကို မြှင့်တင်ထားရမည်ဖြစ်ကြောင်း ယာယီသမ္မတပြောကြားသည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ပြည်သူများကို မြို့နယ်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများမှ ဒီဇင်ဘာ ၂၅ ရက်တွင် သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
  •  

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်၊ တောင်ငူ-လိပ်သိုလ်လမ်းပေါ်ရှိ တံတားတစင်းအား သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-သံတောင်)က ရှော့တိုက်မိုင်းအသုံးပြု၍ မိုင်းခွဲဖျက်ဆီးလိုက် ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
  • ပဲခူးတိုင်း၊ နတ်တလင်းမြို့ တောင်ညိုဆည်အထက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများသည် အရပ်သား ခုနစ်ဦးအား လက်ပြန်ကြိုးတုပ်၍ မီးရှို့သတ်ဖြတ်သွား ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္ဈိမကိုပြောသည်။ 
  • တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားအမျိုးသားနှစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသ အခြေစိုက် ပရဟိတအသင်းများထံမှသိရသည်။ 
  • မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် နှင့် ချင်းပြည်နယ်အစပ်ရှိ မြစ်သာ ပျဥ်သာဆည်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း ZZLMS ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • နိုင်ငံအနှံ့ များပြားလာသည့် ပဋိပက္ခများနှင့် အခွင့်အရေးချိုးဖောက်မှုများကြောင့် ကလေးငယ် (၈)သန်းဟာ ကာကွယ်ရေးဝန်ဆောင်မှုများ လိုအပ်နေကြောင်း UNICEF MYANMAR က အသိပေးထုတ်ပြန်ထားသည်။ 
  • ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကို ကရင်အမျိုးသားအစည်း အရုံး(KNU/KNLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်များက ယနေ့နံနက်တွင် စတင် တိုက်ခိုက်လျက်ရှိကြောင်း ABSDFက ယနေ့ နေ့လယ် ထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး၊ တရားရုံးနှင့် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ 
  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် 
  • စခန်းများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ လူငယ့်အားမာန်သပိတ်၊ ရွာပေါင်းစုံသပိတ်ကော်မတီနဲ့ CDM ကျောင်းသားကျောင်းသူတွေ ပူးပေါင်းကာ “China: Stop Killing Myanmar People by Supporting Fascist Criminals” ၊ “တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြောင်း သိရသည်။ 
  • ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင်လည်း တော်လှန်ပြည်သူများက “China: Stop Killing Myanmar People by Supporting Fascist Criminals” ၊ “သို့ … တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ခေါင်းစဥ်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 
  • ကနီမြို့နယ် ကျေးရွာတစ်ရွာတွင်လည်း သပိတ်ကော်မတီဝင်များက ဦးဆောင်ကာ လူထုဖက်ဒရယ်ဟောပြောပွဲနှင့် တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့သည်။ 
  • ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း သပိတ် အဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် “စစ်အုပ်စု အသစ်/အဟောင်းကို အလုံးစုံပျက်သုဥ်းရေးလမ်း ပေါ်ခေါ် ဆောင်နေသည့် မအလ အမြန်ကျရှုံးပါစေ” စာတန်းအားကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ် ခဲ့သည်။ 
  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဖားကန့်၊ဆိုင်းတောင်၊ဝှေခါ သပိတ်အင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် စစ်အာဏာရှင်ကို ထောက်ပံ့ကူညီနေသော တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် “ သို့ တရုတ်အစိုးရ ဖက်ဆစ်စစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် “ စာတန်းကို ချိတ်ဆွဲ ကာ ဖက်ဆစ်စစ်တပ်နှင့် တရုတ်အစိုးရ ကို ဆန့်ကျင် ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ 
  • မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား များ လိုက်ပါလာသော စစ်ကား ၃ စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်း ထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်လူမျိုးများ၏ သမိုင်းအမွေအနှစ်များနှင့်ရိုးရာယဉ်ကျေးမှုများရှိရာ မြောက်ဦးမြို့ကို ရည်ရွယ် ချက် ရှိရှိဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား ထိထိရောက်ရောက်တုံ့ပြန်သွားမည်ဟု ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) က ဒီဇင်ဘာလ ၂၅ရက်နေ့တွင်ထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှ စစ်ကောင်စီစခန်းများကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့များက ယနေ့ဒီဇင်ဘာလ ၂၆ ရက်နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 
  • မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြည့်ဆည်းပေးခြင်း၊ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်စေ ခြင်းတို့အတွက် နီးစပ်ရာ စစ်ကောင်စီတပ်စခန်းများကို အမြန်ဆုံးတိုက်ခိုက်ရန် တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်တွန်းလိုက်သည်။ 
  • ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။ 
  •  

စစ်ကောင်စီ  

  • တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် ညီနောင် သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် တစုံတရာမရဘဲ ပျက်သွားခဲ့ကြောင်းသိရသည်။ 
  • မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းများတွင် လမ်းပိတ်ပြီး နှစ်သစ်ကူးပွဲ ပြုလုပ်ရန် စစ်ကောင်စီ က စီစဉ်နေကြောင်း မြို့ခံများ ထံကနေ စုံစမ်းသိရသည်။        
  • ​ စစ်ကောင်စီက ပို့ကုန်ရငွေများကို ယခင်က အာရှနိုင်ငံများအတွက် ၄၅ရက်နှင့်အာရှနိုင်ငံပြင်ပကို ရက် ၉၀ သတ်မှတ်ခဲ့ပြီး ယခုအခါ အာရှနိုင်ငံများကို ၁၀ ရက်ထပ်​လျှော့ပြီးတစ်လ(ရက်၃၀) ဟုသတ်မှတ်လိုက်သည့်အပြင် အာရှနိုင်ငံပြင်ပကို ရက် ၃၀ ​ထပ်​လျှော့ပြီး နှစ်လ(ရက် ၆၀)အတွင်း ပြည်တွင်းဘဏ်များကို ပြန်လည်ယူဆောင်ရမည်ဟု ပြင်ဆင်လိုက်ကြောင်း သိရသည်။ 
  • ရတနာကမ်းလွန်သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပြုပြင်မည်ဖြစ်တာကြောင့် ရန်ကုန်က မြို့နယ်အချို့ တွင် တစ်ပတ်ကြာ ယာယီဓါတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း YESC က ယနေ့မှာ အသိပေးချက်ထုတ်ပြန်လိုက်သည်။ 
  • မဲခေါင်-လန်ချန်း နိုင်ငံများ အချင်းချင်းအပြန်အလှန် အကူအညီပေးရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ပြောသည်။ 
  • နေပြည်တော်တွင် “အမျိုးသား ကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည် ဆောက်ရန် အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း  စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပြန်သည်။ 

ဒီဇင်ဘာ၂၆ သုံးသပ်ချက် 

  • အမျိုးသားညီညွတ်ရေးအစိုးရက လွတ်မြောက်နယ်မြေတွင် ဘဏ်များဖွင့်လာနိုင်သည့်အပြင် စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်လာနိုင်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် စိန်ခေါ်မှု အသစ်များနှင့် စစ်ရေး နိုင်ငံရေး အလှည့်အပြောင်းများ ထပ်မံ ဖြစ်ထွန်းလိမ့်မည်ဟု ကြုံးဝါးလာ ခြင်းဖြစ်သည်။ 
  • ရှမ်းမြောက်အပါအဝင် နိုင်ငံအနှံ့တွင် စစ်ပွဲများ အကြီးအကျယ်ရှုံးနိမ့်လာသည့် စစ်ကောင်စီသည် စစ်ပွဲရပ်တန့်ရန် တရုတ်နိုင်ငံကို အားကိုးနေရသည့်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကျေးဇူးတင်စရာများ ရှာကြံကာ တရုတ်ကို ကျေးဇူးတင်ကြောင်း နှုတ်မှ ထုတ်ဖော်ပြောနေသည်။