KNU တပ်မဟာ(၅)တွင် ၃ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးပိုတင်းမာလာနိုင်ဟု KNLA ပြော

ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရာ နေရာအချို့ (ဓါတ်ပုံ- KNU- မူတြော်သတင်းစဉ်)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေပြီး သုံးရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း KNUတပ်မဟာ (၅)ပြောရေးဆိုခွင့် ရှိသူ ပဒိုစောကလယ်ဒို့ထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၉)အပါအဝင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးအမျိုးအစားများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ မတ်လ ၂၁ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီ​၏ ထောက်ပို့လမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ထားကြောင်း ပဒိုစောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

“စခန်းကိုဝင်တိုက်တဲ့အဆင့်မဟုတ်သေးဘူး။ ဝိုင်းပတ် ပိတ်ဆို့ထားတာလောက်ပဲ လုပ်နေသေးပါတယ်။သူတို့သွားလာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတယ်” ဟု ပဒိုစောကလယ်ဒို့က ပြောသည်။

မတ်လ ၁၉ ရက်နေ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တဦးသေဆုံး၍ ငါးဦး ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က အဆိုပါနေ့၌ ထုတ်ပြန်ထားသည်။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြေပြင်ထိခိုက်မှုသတင်းများကို လတ်တလောမသိရှိရသေးပေ။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၅) KNLAသတင်းရင်းမြစ်တဦးက ” ဒီဘက်က တိုက်ပြီးတာနဲ့ သူတို့ ဒရုန်းတွေ တောက်လျှောက်ပစ်တော့တာ။ မနေ့ကလည်း ပစ်ခတ်တာ ရှိပါတယ်။ ဒီနေ့လည်း ပစ်တာရှိတုန်းပါပဲ။ ပွဲ ထပ်ကြမ်းလာဖို့ ရှိပါတယ်” ဟု ပြောသည်။

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများအနီးတွင် စစ်ကောင်စီနှင့် KNLA အကြား ပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီက KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဘူးသိုမြို့နယ်မှဘော့ထာကျေးရွာ၊ ဒွယ်လိုးမြို့နယ်မှစောခလီးလိုကျေးရွာ၊ လူသောမြို့နယ်မှဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့်နီးဒို့ထာကျေးရွာများအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း KNU က မတ်လ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဒေသခံများနေထိုင်ရာကျေးရွာများအတွင်း စစ်ကောင်စီ​၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ထူမောဒဲ၊ တာဒိုထာနှင့် နီးဒိုထာကျေးရွာမှ ဒေသခံပြည်သူ ၁,၂၅၁ ဦး ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က အသိပေးထားသည်။

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်း ခလရ (၁၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ ခမရ (၃၄၁)၊ ခမရ (၄၃၄) နှင့် ဖာပွန်ဗျူဟာ စသည့် စစ်ကောင်စီအထိုင်ချ တပ်ရင်းများရှိနေသည်။

စာတည်း – အေးချမ်း