ဗိုလ်အယ်စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်း KNLA ကွပ်ကဲမှုဖြင့် ဆက်လက်တိုက်ပွဲဝင်မည်

တိုက်ပွဲတခုတွင်တွေ့ရသည့် ဗိုလ်အယ်စေးဝါး(အင်္ကျီချွတ်နှင့်လူ)

သွင်ထူးဈာန် (ကော်သူးလေ) ။ ။ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ဗိုလ်အယ်စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းသည် KTLA (KawThooLei Army)လက်အောက်မှထွက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကွပ်ကဲမှုအောက်ကို တရားဝင်ကူးပြောင်းပြီဟု ဒီဇင်ဘာလ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

ရှေ့ဆက်ဆောင်ရွက်မည့်စစ်ရေးတာဝန်များအား KNLA၏ စည်းမျဥ်းစည်းကမ်းဥပဒေများနှင့်အညီ အာဏာရှင်စနစ်ကျရှုံးရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ကူးပြောင်းခြင်းနှင့်ပတ်သက်၍ ဗိုလ်အယ်စေးဝါး ကိုယ်တိုင်မကြာမီ ရှင်းလင်းအသိပေးသွားမည်ဟု Lion Battalion Commando စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က မဇ္ဈိမကိုပြောသည်။

Lion Battalion Commando စစ်ကြောင်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ စစ်ကောင်စီအား တိုက်ခိုက်သည့်တိုက်ပွဲများ၌ KNU၊PDF ပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲဖော်ဆောင်နေသည့် စစ်ကြောင်းဖြစ်သည်။

KTLA(KawThooLei Army)တည်ထောင်သူသည် ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်နယ်ဒါးမြဖြစ်သည်။ ၂၀၂၂ခုနှစ် ဇူလိုင်လတွင် KNUမှ ခွဲထွက်ကာ KTLA(KawThooLei Army)ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြ KNDOတွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၁ခုနှစ် မေလက ဝေါလေဒေသတွင် KNDOမှဖမ်းမိသည့် သုံ့ပန်း၂၅ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ခေါ်ယူစစ်ဆေးသည်ကို လက်မခံသည့်အတွက် KNUမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
စာတည်း-အေးချမ်း