မိုးမိတ်မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်ပိတ်ဆို့ထား

ပုံအညွှန်း − မိုးမိတ်မြို့အတွင်း ပျက်စီးမှုမြင်ကွင်း၊ ဓာတ်ပုံ − ပေးပို့

ရွှေနွယ်
မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ဆို့ထား သောကြောင့် ဒေသခံများပိတ်မိနေသကဲ့သို့ ဝင်ရောက်လိုသူများလည်း ဝင်ရောက်ခွင့်မရ ဖြစ်နေကြောင်း သိရသည်။

မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က အထိုင်ချပိတ်ဆို့ထားသည်ကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် မြင်တွေ့ ရခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

“အုန်းကြောရွာသစ်မှာ ပြန်ထိုင်နေပြီး မြို့ထဲကိုပေးမဝင်ဘူး။ ပစ္စည်းတွေလည်း ကုန်တော့မယ်ထင်တယ်၊ သူတို့စိတ်ကြိုက်လုပ်နေတာ” ဟု မိုးမိတ်မြို့မှစစ်ရှောင်နေရသူတဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် မြို့အတွင်းကျန်ရှိနေသူများထံမှ ရွှေငွေလက်ဝတ်ရတနာများ တောင်းယူ ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကိုလည်းပြုလုပ်နေသည်ဟု ဒေသခံတဦးကပြောသည်။

“အသိအိမ်ကို စစ်တပ်က ရွှေအစိတ်သားနဲ့ ငွေသိန်း ၄၀ ကျော် တောင်းသွားတယ်။ ကြိုးတုတ်ဖမ်းဆီးတာ လည်း လုပ်နေတယ်။ မြို့ထဲ ဘယ်မှသွားမရဘူး။ စစ်ရှောင်နေကြသူတွေကိုပြောချင်တာ ဖြစ်နိုင်ရင် မြို့ထဲ ပြန်မဝင်ကြပါနဲ့ဦး” ဟု မိုးမိတ်မြို့အတွင်း ပိတ်မိနေသူတဦးကဆိုသည်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏တပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့အတွင်း ရက်သတ္တတပတ်ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်နေ့တွင် မိုးမိတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် KIA ၊ PDF တို့က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုထားသည်။

“KIA ကတော့ တပ်ပြန်ဆုတ်သွားတယ်။ ပလောင်၊ AA ၊ PDF တွေတော့ ပြန်ဆုတ်သလားမသိသေးဘူး။ မြို့ထဲက မီးလောင်တာတွေဟာ အများစုက စစ်တပ်ကမီးရှို့ဖျက်ဆီးတာလို့ လက်ခုတ်တန်းဘက်က မျက် မြင်တွေ့သူတွေ ပြောတယ်။ တမင်ရှို့တာလို့ ပြောတယ်။ ပုံတွေကြည့်လိုက်ရင်လည်း သိသာပါတယ်ဗျာ။ လက်နက်ကြီးနဲ့လေယာဉ်ကြောင့် မြို့လည်းကြေမွနေပါပြီ” ဟု မိုးမိတ်မြို့မှ စစ်ရှောင်နေသူတဦးက မဇ္ဈိမ ကိုပြောသည်။

“ပြည်သူတွေက မျက်ကန်းမဟုတ်ပါဘူးဗျ။ အကုန်ပြာဖြစ်ကုန်ရတာ ဘယ်သူ့ကြောင့်လည်း တမြို့လုံးသိ ပါတယ်” အခြား မိုးမိတ်ဒေသခံတဦးကလည်း ပြောသည်။

လက်ရှိတွင် မိုးမိတ်မြို့အတွင်း အိမ်စောင့်အဖြစ်ကျန်ခဲ့သူများသည် မြို့မှထွက်ခွာ၍မရဘဲ ပိတ်မိနေကြဆဲ ဖြစ်ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က မဇ္ဈိမမှရရှိထားသော သတင်းအချက်အလက်အရ တိုက်ပွဲအတွင်း သေဆုံးသူ အရပ်သား အရေအတွက်မှာ ၃၀ ခန့်ရှိပြီဖြစ်ပြီး ယနေ့အထိ သေဆုံးသူအရေအတွက်ကိုမူ ထပ်မံအတည် ပြု၍ မရသေးကြောင်း မိုးမိတ်ဒေသခံများကပြောသည်။

မိုးမိတ်မြို့အတွင်း နေအိမ်မီးလောင်ဆုံးရှုံးမှုများပြားကြောင်းနှင့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ မိုးမိတ်မြို့မစျေးသည်လည်း ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းက မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။

စာတည်း။ ။စောဖေ