ထိုင်းတွင် လာမည့်နှစ်မှစကာ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည်

ထိုင်းတွင် အခြေခံဆောက်လုပ်ရေးလုပ်သားများကိုတွေ့ရစဉ် ၊ Photo; AFP

Vietnam Plus

ထိုင်းနိုင်ငံအနေဖြင့် စီစဉ်ထားသည့်အတိုင်း လာမည့်လတွင် အနိမ့်ဆုံးလုပ်ခအား တိုးမြှင့်သွားမည်ဖြစ်သကဲ့သို့ အစိုးရအနေဖြင့် ၂၀၂၄ မတ်လတွင် နောက်ထပ် လုပ်ခ တိုးမြှင့်ရေးအတွက် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ဒီဇင်ဘာ ၂၆ ရက်တွင် အတည်ပြုသည်။

ဇန်နဝါရီလတွင် အသက်ဝင်မည်ဖြစ်သော တနေ့လုပ်ခ ၂ ဒသမ ၃၇ ရာခိုင်နှုန်း တိုးမြှင့်ခြင်းကို အစိုးရအဖွဲ့ ပါဝင်သည့် လုပ်ခလစာကော်မတီ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမား ကိုယ်စားလှယ်များက ယခင် သဘောတူထားခြင်း ဖြစ်သော်လည်း ဝန်ကြီးချုပ်က လုပ်ခ တိုးမြှင့်ခြင်းက နည်းလွန်းနေဆဲ ဖြစ်သည်ဟု မှတ်ယူထားသည်။

ထိုအတွက် တနေ့လုပ်ခအား ထိုင်းဘတ် ၄၀၀ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၆ ဒေါ်လာ) သို့ တိုးမြှင့်ပေးနိုင်ရေးအတွက် အာဏာရ ဖျူထိုင်းပါတီက စည်းရုံးလှုံဆော်လျက် ရှိနေသည်။

ပြည်တွင်းလုပ်ခနှုန်းထားကို နောက်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပြီး လုပ်ခ တိုးမြှင့်နိုင်မည့် နယ်ပယ်များနှင့် အုပ်စုများကို ပညာရှင်အဖွဲ့က မတ်လ၌ အဆုံးအဖြတ်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဖီပတ်ရတ်ချာကစ်ပရာကန်က ပြောသည်။

ကော်မတီက သဘောတူထားသော အနိမ့်ဆုံးလုပ်ခ ဘတ် ၃၃၀-၃၇၀ ရှိရာတွင် မတူညီသော နယ်ပယ်များကြား၌ လက်ရှိ အနိမ့်ဆုံးလုပ်ခ ပေးနှုန်းမှာ ဘတ် ၃၂၈-၃၅၄ ဘတ်သာ ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)