ဂါဇာစစ်ပွဲ လများချီကြာမည်ဟု အစ္စရေး ပြော

အစ္စရေး၏ စစ်ဦးစီးချုပ် Herzi Halevi (အလယ်၊ ညာ) က စစ်ပွဲသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ဂါဇာနယ်စပ်ရှိ ရုပ်မြင်သံကြားမှ ရုပ်သံထုတ်ပြန်ချက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရိုက်တာ

ဟားမတ်စ်အပေါ် ဆင်နွှဲသည့် အစ္စရေး၏ စစ်ပွဲက လများချီ ကြာလိမ့်မည် ဖြစ်ကြောင်း အစ္စရေးစစ်တပ် အကြီးအကဲက ပြောသည်။ ဂါဇာကမ်းမြှောင်အပြင်ဘက်ရှိ ဖြစ်စဉ်တသီတတန်းကြောင့် ပဋိပက္ခက ကူးစက်ပျံ့နှံ့မည့် အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။

စစ်ပွဲက “လအများကြာ” ဆက်ဖြစ်နေလိမ့်မည်ဟု အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် ဟာဇီ ဟယ်လီဗီက ဒီဇင်ဘာ ၂၆ ရက်တွင် ဂါဇာနယ်စပ်မှ ရုပ်သံမှထုတ်လွှင့်သည့် ထုတ်ပြန်ချက်တရပ်တွင် သတင်းထောက်များကို ပြောသည်။

“မျက်လှည့်ဆန်တဲ့ ဖြေရှင်းနည်းလမ်းတွေ မရှိပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းတခုကို ဖြိုဖျက်ရာမှာ ဖြတ်လမ်းနည်းတွေ မရှိပါဘူး။ စိတ်ပိုင်းဖြတ်ထားတဲ့၊ မဆုတ်မနစ် တိုက်ခိုက်မှုကိုပဲ လုပ်ရမှာဖြစ်တယ်” ဟု ဟယ်လီဗီက ပြောသည်။ “တပတ်ပဲ ကြာကြာ၊ လတွေနဲ့ချီပဲကြာကြာ ဟားမတ်စ်ခေါင်းဆောင်တွေဆီအထိ ရောက်အောင် ကျွန်တော်တို့ ချေမှုန်းပါမယ်”
အစ္စရေး၏ လုပ်ဆောင်ချက်များသည် ခရစ္စမတ်ရက်ဝန်းကျင်တွင် အရှိန်မြင့်တက်ခဲ့ပြီး အထူးသဖြင့် ဂါဇာကမ်းမြှောင်ကို ထက်ဝက်ပိုင်းသည့် ရာသီအလိုက်ဖြစ်သော ရေကြောင်း၏ တောင်ဘက် ဗဟိုဧရိယာတခုတွင် ဖြစ်သည်။ ယင်းဧရိယာမှ ထွက်ခွာတိမ်းရှောင်ကြရန် အစ္စရေးစစ်တပ်က အရပ်သားများကို ပြောထားသော်လည်း ရှောင်တိမ်းစရာ ဘေးကင်းလုံခြုံသည့်နေရာ မရှိတော့ဟု အများအပြားက ပြောသည်။

“ဂါဇာအလယ်ပိုင်းကို အစ္စရေးတပ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာနဲ့ပတ်သက်လို့ မိမိတို့ အင်မတန်ကို စိုးရိမ်ပူပန်ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ခရစ္စမတ်အကြိုရက်နောက်ပိုင်း ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါပြီ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆိဖ် မာဂန်နိုက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

“အစ္စရေးတပ်တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်အားလုံးကို လုပ်ကြရပါလိမ့်မယ်။ သတိပေးချက်တွေ၊ ဘေးလွတ်ရာရွှေ့ပြောင်းရေး ညွှန်ကြားချက်တွေက သူတို့ကို သူတို့ရဲ့ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေ တာဝန်ဝတ္တရားတွေကနေ အပြစ်ဖြေပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
သီတင်းပတ် ၁၁ ပတ်ကြာနေပြီဖြစ်သည့် စစ်ပွဲတွင် အပစ်ရပ်စဲရေး နိုင်ငံတကာက တောင်းဆိုနေလင့်ကစား အစ္စရေးသည် ဟားမတ်စ်တို့ကို ဖျက်ဆီးချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားသည်။

(ကိုလူအေး ဘာသာပြန်သည်)