မင်းစုံတောင်ဘေးမဲ့တောအတွင်း စစ်ကောင်စီနှင့်ပေါင်း သစ်ခိုးထုတ်သည့်အဖွဲ့ကို PDFဖမ်းဆီး

မင်းစုံတောင်ဘေးမဲ့တော

008

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊မင်းစုံတောင်သဘာဝဘေးမဲ့တောတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့်အဖွဲ့ကို ဖမ်းဆီးခဲ့ပြီး သစ်သယ်သည့် ထော်လာဂျီယာဥ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

မင်းစုံတောင်သဘာဝဘေးမဲ့တောအတွင်း သစ်ခိုးထုတ်နေသည့်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ရက် ညနေ ၄နာရီ၃၀မိနစ်ခန့်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ချစ်ညီကိုနာမည်တပ်ထားတဲ့ ပုဇင်းခေါင်းထော်လာဂျီတစီးနဲ့သစ်ခိုးထုတ်နေတဲ့လေးဦးဖမ်းဆီးရမိတယ်။သူတို့ကို စစ်ဆေးပြီး နောက်နောင်မလုပ်ဖို့ သတိပေး ပြန်လွှတ်ပေးလိုက်တယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

မင်းစုံတောင်သဘာဝဘေးမဲ့တောမှသစ်များ ခိုးထုတ်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း သစ်မှောင်ခိုသယ်သူအချို့က လိုက်နာမှုမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်း၍ သစ်ခိုးထုတ်ယူနေကြသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ခိုးထုတ်နေတဲ့သူတွေက ကျွန်တော်တို့နယ်သားတွေမဟုတ်ဘူး။တောင်သာဘက်က လာထုတ်တာများတယ်။ကျွန်တော်တို့လည်း အရင်ကတားသေးတယ်။မရဘူး။သူတို့က စစ်တပ်ကို ငွေပေးပြီးခုတ်တာလို့ပြောတယ်။နေ့ ည လာခိုးသယ်နေကြတာပဲ။အခုတော့ PDF ကဝင်ဖမ်းလိုက်တယ်”ဟု ဒေသခံတဦးကပြောသည်။

သစ်ခိုးထုတ်သူများသည် နွားထိုးကြီးမြို့နယ်၊ထွေအုပ်ရုံးတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ထော်လာဂျီယာဉ်တစီး သုံးသိန်းကျပ်၊ခြောက်ဘီးကုန်တင်ယာဥ်တစီး ငါးသိန်းကျပ်ပေးရကြောင်း သိရသည်။

“တလ တခါပေးရတယ်။လွှစက်တို့ ဖြတ်စက်တို့အတွက်လည်း ငါးသောင်း တသိန်း အစားစားပေးရတယ်”ဟု ဒေသခံကတဦးကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုပြုလုပ်ပြီးနောက် ယနေ့ ဒီဇင်ဘာ ၂၇ရက်​နံနက်တွင် သစ်ခိုးထုတ်သူများ လာရောက်သည်ကို မတွေ့ရကြောင်း ဒေသခံများက ပြောသည်။

“အရင်ဆို မနက်လင်းတာနဲ့ သစ်ခိုးမယ့်ကောင်တွေက တောင်ခြေရောက်နေကြပြီ။ အခုတော့ မတွေ့ရတော့ဘူး”ဟု ဒေသခံတဦးကဆိုသည်။

မင်းစုံတောင်သဘာဝဘေးမဲ့တောအတွင်းတွင် သစ်ခိုးထုတ်မှုများဆက်လက်လုပ်ကိုင်နေသည်ကို တွေ့ရှိပါက ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

မင်းစုံတောင်သဘာဝဘေးမဲ့တောသည် ရှားပါးစာရင်းဝင်ဖြစ်သည့် မြန်မာ့မျိုးရင်းကြယ်လိပ်များအပြင် ငှက်မျိုးစိတ်ပေါင်း ၇၀ကျော်နှင့် ကုန်းနေရေနေသတ္တဝါများလည်းကျက်စားနေထိုင်သည်။အလယ်ပိုင်းဒေသခြောက်သွေ့ဇုန်ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၀၁ ခုနှစ်မှစ၍ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း