ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရ

ပုံအညွှန်း – ဘေးလွတ်ရာကိုထွက်ပြေးနေရသည့် ရေဦးဒေသခံပြည်သူများကိုတွေ့ရစဉ်။

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေသဖြင့် ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆နာရီဝန်းကျင်တွင် ရေဦးမြို့ပေါ်မှ ခလရ (၁၁)နှင့် ခြေမြန်တပ်ရင်း ခမရ (၇၀၈) ပူးပေါင်းတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလားခြင်းဖြစ်ကြောင်း ရေဦးအခြေ ပြု People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“အခုစစ်ကြောင်းက မုတ်စီနဲ့ မူးဆုံဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေ တရစပ်ပစ်ခတ်ပြီးဝင် လာလို့ အနီးအနားက ကျေးရွာရှစ်ရွာလောက်က ဒေသခံ ၅,၀၀၀ လောက်ထွက်ပြေး တိမ်းရှောင် နေရ တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် ငြုတ္တုံ၊ မုတ်စီ၊ ပြည် တော်၊ မူးဆုံ၊ ရွာမိဿာ၊ အောင်သာ၊ ပျော်ဘွယ်၊ မစိုးရိမ် စသည့်ကျေးရွာများမှဒေသခံများ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

“အခုလက်ရှိ အောင်သာရွာမှာတပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်နေ တယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက် ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် စစ်ရှောင်ပြည်သူလေးဦးကို သတ် ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ကလည်း ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ ဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄) Ye U PDF က ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ