NLD ပါတီနာယက သူရဦးတင်ဦး ဆေးရုံတင်ထားရ

Photo : သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့

001

(မဇ္စျိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနာယက သူရဦးတင်ဦး အဆုတ်အအေးပတ်မှုကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ရန်ကုန်ဆေးရုံသစ် (ဂျပန်ဆေးရုံကြီး)သို့ တင်လိုက် ရကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

“အန်ကယ်လ်က အသက်က ၉၈ နှစ်ထဲ ရောက်နေပြီ။ နောက်ပြီးတော့ သွေးပေါင်ကလည်း ၉၀ ၊ ၆၀ ပဲ။ ဆေးရုံတင်တဲ့အချိန်က ရှိတယ်၊ အဖျားကလည်း ၁၀၁ ဒသမ ၈ ဆိုတော့ ၁၀၂ နီးနီးလောက်ရှိနေတာ။ အဲဒီတော့ အသက် ၉၈ နှစ်ရှိတဲ့ လူကြီးတယောက်အဖို့ကတော့ ဆေးရုံတင်မှပဲကောင်းမယ်ဆိုပြီး ဆေးရုံ တင်တာပါ။ အရေးပေါ်ရယ်လည်း မဟုတ်ဘူး။ အရေးမကြီးဘူးလို့လည်း မဟုတ်ဘူးပေါ့။ အန်ကယ်လ်က ပြီးတော့ အစားလည်းမစားဘူး။ အိပ်တာလည်း နည်းနည်းများနေတယ်။ အဲဒါအတွက် စိုးရိမ်တာပါ” ဟု မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

၎င်းသည် လက်ရှိ ဆေးရုံတွင်ရှိနေဆဲဖြစ်ပြီး သွေး၊ ဓာတ်မှန်အပါအဝင် လိုအပ်သည့် စစ်ဆေးမှုများဆောင် ရွက်ထားကြောင်း သိရသည်။

“ဆေးရုံမှာပဲခင်ဗျ။ ပိုးသတ်ဆေးတွေသွင်းနေတော့ ဆေးပတ်လည်တဲ့အထိ စောင့်မလား။ ဒါမှမဟုတ် ဆီး၊ သွေး၊ သလိပ်ရယ်စစ်ထားတယ်။ ဓာတ်မှန်လည်းရိုက်ထားတယ်။ အဲ့ဒီရလဒ်တွေအပေါ်မူတည်ပြီးတော့မှ ဆရာဝန်တွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဆိုသည်။

NLD ပါတီနာယက သူရဦးတင်ဦးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလက NLD ပါတီ စတင်တည်ထောင်ခဲ့ သူများတွင် တဦးအပါအဝင်ဖြစ်သည်။ ထို့ပြင် ၁၉၇၄ မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

စာတည်း။ ။စောဖေ