ဆွန် ဦးဆောင်တဲ့ တောင်ကိုရီးယားအသင်း အာရှဖလား ဆွတ်ခူးဖို့ ‘အဆင်သင့်’ဖြစ်

PK Thwan

တော့တင်ဟမ်ဟော့စပါးက ဆွန်ဟောင်မင်ဟာ ကြာသပတေးနေ့မှာ တောင်ကိုရီးယားရဲ့ အာရှဖလားလူစာရင်းမှာ ပါဝင်လာခဲ့ပြီး နည်းပြ ဂျာဂန် ကလင်စမန်းက ၎င်းတို့ ၆၄ နှစ်ကြာ ဝေးကွာနေတဲ့ ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်မှုကို အဆုံးသတ်ဖို့ “အချိန်တန်ပြီ”လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒီရာသီပရီးမီးယားလိဂ် ၁၀ ဂိုးမြောက် သွင်းယူခဲ့တဲ့ ဝုလ်ဗ်တိုက်စစ်မှူး ဟွမ်ဟီးချန်ဟာ ဇန်နဝါရီ ၁၂ ရက်မှာ ကာတာမှာ စတင်မယ့် ပြိုင်ပွဲအတွက် ကလင်စမန်းရဲ့ ကစားသမား ၂၆ ဦး ရွေးချယ်မှုမှာ ပါဝင်ခဲ့ပါတယ်။

ဆွန်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ကင်မင်ဂျေးနဲ့ အသက် ၂၂ နှစ် ပဲရစ်စိန့်ဂျာမိန်း ကွင်းလယ်တိုက်စစ်ကစားသမား လီကန်အင်းတို့ ပါဝင်တဲ့ အသင်းမှာ ကပ္ပတိန်ဖြစ်ပါလိမ့်မယ်။

တောင်ကိုရီးယားအသင်းဟာ ၁၉၆၀ နောက်ပိုင်း အာရှဖလားကို ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။ ကလင်စမန်းက “အခုတော့ ဒါတွေ အားလုံးက ချိန်သားကိုက်ပါပဲ။ ဒီပြိုင်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေပြီလို့ ကျနော် ထင်တယ်။

“၆၄ နှစ်ရှိပါပြီ၊ ၆၄ နှစ်ဆိုတာက ကိုရီးယားအတွက် ရှည်လားတဲ့ အချိန်ပါ၊ ဒါကို ကျနော်တို့ အဆုံးသတ်ပြီးမြောက်ဖို့ အချိန်တန်ပါပြီ။

တောင်ကိုရီးယားအသင်းဟာ အုပ်စု E မှာ ကျရောက်နေပြီး ပထမအကျော့မှာ မလေးရှား၊ ဂျော်ဒန်၊ ဘာရိန်းအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ အာရှဖလား ကွာတားဖိုင်နယ်မှာ ပြိုင်ပွဲရဲ့ ချန်ပီယံ ကာတာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ကလင်စမန်းဟာ ကာတာမှာ ကျင်းပမယ့် ပြိုင်ပွဲမှာ အတောင့်တင်းဆုံးအသင်းတွေထဲက တသင်းအဖြစ် ရှိမှာဖြစ်ပြီး သူက “ဆုဖလားအတွက် ဆာလောင်မွတ်သိပ်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေကို သူ့အနေနဲ့ မြင်နေရတယ်”လို့ ပြောပါတယ်။

“သူတို့တွေက သူတို့ရဲ့ ကလပ်တွေမှာ ကောင်းကောင်း လုပ်ပြနိုင်လို့ ကျနော့်မှာ ခံစားချက်ကောင်းရှိတယ်”လို့ သူက ပြောပါတယ်။

“သူတို့တွေဟာ ကျန်းမာ၊ ကြံ့ခိုင်တယ်၊ ရည်မှန်းချက်ကြီးပြီး သူတို့ဟာ အောင်ပွဲအတွက် အရမ်းဆာလောင်နေတယ်။ ဒါက ကောင်းမွန်တဲ့ ပြိုင်ပွဲတခုကို ကစားဖို့အတွက် အခြေခံအုတ်မြစ်ပါပဲ။”

ဆွန်ဟာ သူ့ရဲ့ လေးကြိမ်မြောက် အာရှဖလားပြိုင်ပွဲကို ပါဝင်လာမှာဖြစ်ပြီး ၂၀၁၅ ဗိုလ်လုပွဲမှာ အိမ်ရှင် သြစတြေးလျကို ရှုံးနိမ့်ခဲ့တဲ့ တောင်ကိုရီးယားအသင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟွမ်ဟာ ဘရန့်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ ဝုလ်ဗ်အသင်း အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုးသွင်းဇယားမှာ ၁၁ ဂိုးရရှိထားတဲ့ ဆွန်ရဲ့နောက် တဂိုးအကွာမှာ ရပ်နေပါတယ်။