နှစ် ၅၀ အတွင်း အဆိုးဆုံး ထိုင်းတောင်ပိုင်း ရေကြီးမှု၌ လူ ၆ ဦး သေဆုံးကာ အိမ်ထောင်စု ၇၀,၀၀၀ ရေဘေးကြုံ

Shine

ထိုင်းတောင်ပိုင်း၌ ရေကြီးမှုများအတွင်း လူ ခြောက်ဦး သေဆုံးပြီး အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပြည်နယ်ငါးပြည်နယ်မှ မိသားစု ထောင်ပေါင်းများစွာ ရေဘေးကြုံနေကြောင်း ထိုင်းတာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ရေကြီးမှုကြောင့် အသက် ၈၉ နှစ်အရွယ် တဦးအပါအဝင် လူခြောက်ဦး သေဆုံးသည်ဟု နာရာသီဝတ်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ပရီချာမုအယ်နွိုင်းက ပြောသည်။

ပြီးခဲ့သည့် သုံးရက်အတွင်း မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုများကို နာရာသီဝတ်၊ ယာလာ၊ ပတ်တာနိုင်း၊ ဆောင်ခလာနှင့် ဆတ်ထွန်တို့အပါအဝင် မြေနိမ့်ပိုင်း တောင်ပိုင်းပြည်နယ်များ၌ ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုင်းထောင်ပိုင်း၌ ရာစုဝက်အတွင်း အဆိုးဆုံးသော ရေကြီးမှု ဖြစ်ကြောင်း သဘာဝဘေး တားဆီးရေးနှင့် သက်သာရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ရေကြီးမှုကြောင့် လမ်းနှင့် ရထားလမ်းများ ရေမြုပ်ပြီး စာသင်ကျောင်းများ ပိတ်ထားရကာ ဒေသခံအချို့ နေအိမ်တွင် ပိတ်မိနေသည်။ ရေဘေးကြုံနေသည့် အိမ်ထောင်စုပေါင်းသည် ၇၀,၀၀၀ နီးပါး ရှိသည်။

မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်တို့တွင် စက်လှေ ခုနစ်စင်း နစ်မြုပ်သည်။

အပျက်အစီးများ ရှိသော ရေကြီးမှုကြောင့် အဆိုးဆုံး သက်ရောက်ရာ နာရာသီဝတ်ပြည်နယ်ဆီ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း လာရောက်ခဲ့သည်။

ရေဘေးဒုက္ခသည်များနှင့် ဒေသခံများကို ကူညီစောင့်ရှောက်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို ၎င်းက တာဝန်ပေးထားသည်။

(မိုးသဲ ဘာသာပြန်သည်။)