ရန်ကုန် အိမ်ခြံမြေဈေးနှုန်း ၂ ဆ မြင့်တက်

ပုံအညွှန်း- ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရသော ရန်ကုန်မြို့တနေရာ (Photo- AFP)

ကီရာ

မဇ္ဈိမ။ ။ ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၂၂နှင့် ၂၀၂၃ ကာလများမှ စတင်၍ ယခင်မူရင်းဈေးများထက် နှစ်ဆခန့် ဈေးမြင့်တက်နေကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။

သို့သော် ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေရပြီး ဈေးအမြင့်တင်ထားသည့် အိမ်ခြံမြေများကိုမူ အဝယ်မလိုက်နိုင်ကြောင်းကိုလည်း ရန်ကုန်အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင် မထက်က ပြောသည်။

“အခုတလော အိမ်အရောင်းအဝယ် မြို့နယ်စုံကို မာမာအေးလို့ ခေါ်လို့ရတယ်။ ဘာလို့လဲဆိုရင် အိမ်ရှင်တွေကတော့ ကြိုက်‌ဈေးကို ခေါ်ထားပေမယ့် အဝယ်က သိပ်မလာတော့ အရောင်းအဝယ်မဖြစ်ဘဲ အေးသွားတယ်လို့ အဓိပ္ပာယ်ရတယ်။ တကယ်အဝယ်က အခုချိန်ရှားတယ်”ဟု မထက်က ပြောသည်။

လတ်တလော ရန်ကုန်တိုင်း၏ အိမ်ခြံမြေ‌ဈေးကွက်တွင် တိုက်ခန်းနှင့် ကွန်ဒိုအသေးများ ရောင်းရနေပြီး ဈေးအရမ်းများသည့် အိမ်ခြံမြေများမှာ ရောင်းမထွက်ဘဲ ရှိနေကြောင်းကိုလည်း ရန်ကုန်တိုင်း အိမ်ခြံ‌မြေရင်းနှီးမြှုပ်နှံမှု အကြံပေးတဦးက ပြောပြသည်။

“ ရောင်းတာက ဈေးတန်တယ်ထင်ရင် အထွက်လွယ်ပြီး မတန်တဲ့အိမ်တွေကျ အရောင်းကြန့်ကြာတတ်ပါတယ်။ မြောက်ဒဂုံဘက်ကတော့ အရမ်းငြိမ်သွားပြီ၊ ဈေး အရမ်းတက်လို့။ အခုမြောက်ဒဂုံဈေးက တော်တော်များများ ၁၀,၀၀၀ ကနေ ၃၅,၀၀၀ လောက်အထိ ပေါက်နေတာ။ အခုက အများအားဖြင့် တိုက်ခန်းနဲ့ ကွန်ဒိုအသေးလေးတွေပဲ အရောင်းသွက်နေတယ်”ဟု ၎င်းက ပြောသည်။
အဝယ်ရပ်တန့်မှုမှာ ပေးဆောင်ရမည့် အခွန်မြင့်တက်သွားခြင်းကြောင့်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကြောင့် လက်ထဲ ငွေမကိုင်ထားချင်ကြသူများမှာမူ အိမ်ခြံမြေနှင့် ရွေ၊ ဒေါ်လာများဘက်ကို ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် သုံးလပိုင်းကထက် လက်ရှိတွင် အိမ်ခြံမြေ ဝယ်ယူသူ ရှိလာပြီး အိမ်ခြံမြေဈေးနှုန်းမှာလည်း ကျမည့်အနေအထားမရှိသေးကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ သုံးလလောက်ကထက်စာရင်တော့ ဒီလထဲအဝယ်ဆင်းပြီး အဝယ်လိုက်တဲ့လပါ။ ရွေဈေးတွေ တက်လာတာကြောင့်လည်း အိမ်ခြံမြေဘက်လှည့်ပြီး မြှုပ်နှံကြပုံလည်း ပေါ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အိမ်ခြံမြေကျသွားမယ့် အရိပ်အယောင်ပေါ်မနေပါဘူး”ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အကြံပေးမှ ၎င်း၏ အမြင်ကို သုံးသပ်သည်။

လက်ရှိတွင် အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ပေ ၄၀ ၊ ပေ ၆၀သည် ကျပ်သိန်း ၅၀၀မှ သိန်း ၅,၀၀၀ အထိ ဈေးတက်နေပြီး တောင်ဥက္ကာ တိုက်ခန်း နှင့် ကွန်ဒိုများသည် ကျပ်သိန်း၁,၀၀၀ မှ သိန်း ၃,၀၀၀ အထိ ရှိနေသည့်အပြင် ရန်ကုန်မြို့ထဲရှိ တိုက်ခန်းနှင့် ကွန်ဒို အငှားဈေးနှုန်းသည် ကျပ် ၅၀၀,၀၀၀မှ သိန်း ၁,၀၀၀,၀၀၀ အထိ ရှိနေကြောင်း ရန်ကုန် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

“အဓိက ကတော့ အခု မြန်မာပြည် အခြေအနေကြောင့်ပါပဲ။ အခု အိမ်ခြံမြေက ကြိုက်ရောင်း ကြိုက်ဝယ်ပဲ”ဟု အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင် မထက်က ပြောသည်။

ယခင်က ကျပ်သိန်း ၅၀၀ ဈေး ရှိသည့် တိုက်ခန်းသည် တလအတွင်း သိန်း ၅၀မှ သိန်း ၁၀၀ အထက် ဈေးတက်ကာ ဝယ်ထားပြီး ရှစ်လလောက်ရောက်ပါက ၎င်းသိန်း ၅၀၀ တိုက်ခန်းသည် သိန်း ၁,၅၀၀ အထိ ဈေးတက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ဈေးတက်လာခြင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများဈေးတက်ခြင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း လတ်တလော နိုင်ငံရေးအခြေအနေနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်းများကြောင့် အိမ်ခြံမြေ၊ ကားနှင့် ရွေဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံသုံးသပ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)