စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာမှ ပျူစောထီးများ စခန်းအား စွန့်ခွာထွက်ပြေး

စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ ပျူစခန်းအား ရှင်းလင်းနေစဥ်/ဓာတ်ပုံ။ ။ Phoenix – Sagaing

ကိုခင်မောင်(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ၏စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာထွက်ပြေးသွားကြောင်း Phoenix-Sagaing အဖွဲ့မှ ဒီဇင်ဘာလ ၂၇ ရက် နေ့က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မာလဲတောကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် ပျူ စောထီးများနေထိုင်သောစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေး သွားခဲ့သည်ဟု Phoenix-Sagaing အဖွဲ့တာဝန်ခံက မဇ္စျိမအားပြောသည်။

“စစ်ကောင်စီတပ်နဲ့ပျူတွေ ပူးပေါင်းတပ်စွဲထားတာ။ အုန်းတော အမှတ်(၆၀၀၅) တင့်ကားတပ်ထဲပြေး သွားကြတာ။ အဲဒီပျူရွာနဲ့ စစ်တပ်ကနီးနီးလေးပါ။ သူတို့က စစ်တပ်ကိုခေါ်ပီး ပျူသင်တန်းစဖွင့်ခိုင်းတယ်။ သူတို့ဘက်က တန်ပြန်စစ်ကြောင်းထိုးရင် ရွာတွေမီးရှို့ခံရမှာစိုးလို့ စစ်ကြောင်းအခြေနေ စောင့်ကြည့်ပြီးမှ အခုလို ထုတ်ပြန်တာပါ” ဟု ၎င်းကဆိုသည်။

မာလဲတောပျူစောထီးစခန်းတွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ နှစ်နှစ်ကျော်တပ်စွဲထားခြင်း ဖြစ်ပြီး ရွာဘေးပတ်လည်တွင် ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာများ အခိုင်အမာပြုလုပ် စခန်းချထား သောနေရာဖြစ်သည်ဟု သိရသည်။

စခန်းကိုရှင်းလင်းရာတွင် ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ခြောက်ခုနှင့် တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်းနှစ်စုံ၊ စစ်ဦးထုပ် သုံးလုံးသာတွေ့ရှိခဲ့ရပြီး စခန်းနှင့် ဘန်ကာအားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

“မာလဲတောက တရွာလုံး ပျူတော့မဟုတ်ဘူးဗျ။ ပျူခေါင်းဆောင်နာမည်က စိုးဝင်းပါ၊ လက်နက်ကိုင် ပျူ စာရင်းက ၃၀ ကျော်ရှိပါတယ်။ အုန်းတော အမှတ်(၆၀၀၅) တင့်ကားတပ်နဲ့နီးတော့ ပျူရွာဖြစ်သွားတာပါ” ဟု Phoenix-Sagaing အဖွဲ့တာဝန်ခံက ပြောသည်။

မာလဲတောရွာသည် အိမ်ခြေ ၂၈၀ ကျော်ရှိပြီး ဒေသခံများမှာ ပျူသင်တန်းပေးသော လွန်ခဲ့သည့်နှစ်မှစ၍ အခြားနီးစပ်ရာ ကျေးရွာများနှင့် စစ်ကိုင်းမြို့ပေါ်သို့ တိမ်းရှောင်လျက်ရှိနေသည်ဟု ဆိုသည်။

မာလဲတောကျေးရွာ ပျူစောထီးခန်းရှင်းလင်းမှုကို စစ်ကိုင်းခရိုင်၊ အမှတ်(၇)တပ်ရင်း၊ တပ်ခွဲ(၄) Phoenix-Sagaing ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နှင့် နယ်မြေခံတော်လှန်ရေးတပ်သားများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။ ။စောဖေ