မြင်းခြံမြို့ ခြေမြန်တပ်ရင်းကို ကာကွယ်ရေးအဖွဲ့ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မြင်းခြံမြို့ရှိစစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ -၁၅) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင်၊ အမှတ်(၂) တပ်ရင်းထံမှ သိရသည်။

“ညပိုင်းအချိန်ကတဲ့က ရန်သူ့ကင်ပုန်းတွေ ရှိမရှိ ကြိုတင် ထောက်လှမ်းမှုတွေ လုပ်တယ်။ နံနက်ပိုင်း တန်းစီတဲ့ အချိန်လောက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး” ဟု မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်းမှ ရဲဘော်ဗိုလ်သုက ပြောသည်။

ဧပြီလ၂၀ ရက် နံနက် ၅ နာရီ ၁၅ မိနစ် အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ခမရ(၁၅)ဂိတ်ကင်းစခန်း ထိမှန်ပျက်စီးသွားသည်ဟု ဆိုသည်။

“၁၀၇ နှစ်လုံးပစ်တာ တလုံးက ခမရ (၁၅)ဂိတ်ကင်းစခန်းကို ကွက်တိကျတယ်။နောက်တလုံးက ပစ်မှတ်လွဲပြီး ခမရ(၁၅) အနီးက လယ်သစ်(ပျူရွာ)ထဲကိုကျပြီး ပေါက်ကွဲတယ်။လက်နက်ကြီး‌တွေနဲ့ ပြန်လည်ပစ်ခတ်တာ တွေရှိတယ်”ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရဲဘော်ဗိုလ်သုက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၂) တပ်ရင်းက ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြင်းခြံမြို့၏ အဝင်အထွက် လမ်းကြောင်းများကို ပိတ်ဆို့ကာ ခရီးသွားပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း မြင်းခြံမြို့ခံ တဦးတို့ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ