ယူကရိန်းကို ရုရှ ဒုံးကျည်တိုက်ခိုက်၍ ၁၂ ဦး သေဆုံး 

Reuters 

လက်ရှိအထိ ယူကရိန်းစစ်၌ အကြီးမားဆုံး ဒုံးကျည်တိုက်ခိုက်မှုတရပ်ကို ရုရှက ဆင်နွှဲရာ ကိယက်ဗ်မြို့တော်၊ နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရကာ လူနေအဆောက်အအုံများ ထိမှန်သည်ဟု တာဝန်ရှိသူများက ပြောသည်။ 

ကိယက်ဗ်တွင် ပျက်စီးသွားသော ကုန်လှောင်ရုံတခု၏ အပျက်အစီးပုံအောက်၌ လူ ၁၀ ဦး ပိတ်မိနေကြောင်း မြို့၏ စစ်တပ်စီမံရေးရုံးက ပြောသည်။ ဒနီပရိုမြို့ရှိ မိခင်ဆေးရုံ အဆောင်တခု ပျက်စီးသော်လည်း သေဆုံးထိခိုက်မှု သတင်းမရကြောင်း မြို့အုပ်ချုပ်ရေးမှူးက ပြောသည်။ 

“ဒီနေ့မှာ ပေါက်ကွဲသံကျယ်တွေကြောင့် ယူကရိန်းပြည်သူ သန်းပေါင်းများစွာ နိုးလာကြတယ်၊ ယူကရိန်းက ဒီအသံတွေကို ကမ္ဘာတဝန်း ကြားပါစေလို့ ကျွန်တော် ဆန္ဒပြုတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောပြီး ယူကရိန်း၏ မဟာမိတ်များကို ထောက်ပံ့ကြရန် တောင်းဆိုသည်။ 

ရုရှနှင့် ဖြစ်ပွားနေသော စစ်ပွဲ နှစ်နှစ်နီးပါးအချိန် ယူကရိန်းကို ထောက်ပံ့နေသော အနောက်အုပ်စု၏ စစ်ရေးနှင့် ဘဏ္ဍာရေး အင်အားနှင့် အတိုင်းအတာနှင့် ပတ်သက်ကာ မသေချာမှုများ ရှိလာချိန်၌ ယခု နှစ်ကုန်ခါနီ လေကြောင်းတိုက်ခိုက်မှုကြီး ဖြစ်ပွားခြင်းလည်း ဖြစ်သည်။ 

“ရုရှဟာ သူ့ လက်နက်တိုက်မှာ ရှိတာနဲ့အကုန် တိုက်ခိုက်နေတော့တာပဲ၊ ဒုံးကျည်ပေါင်း ခန့်မှန်း အစင်း ၁၁၀ လောက် ပစ်လွှတ်တယ်၊ အများစုကိုတော့ ကျွန်တော်တို့ ပစ်ချနိုင်တယ်”ဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက Telegram တွင် ပြောဆိုသည်။ 

ယခု လေကြောင်းတိုက်ခိုက်မှုသည် ၂၀၂၂ ဖေဖော်ဝါရီလက ကျူးကျော်ချိန်မှစကာ ရုရှ၏ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုဟု လေတပ်ဦးစီး မိုင်ကိုလာ အိုလက်ရှချော့က ပြောဆိုကာ “လေကြောင်းမှ အများပြားဆုံး တိုက်ခိုက်မှုကြီး” အဖြစ် Telegram တွင် ဖော်ပြသည်။ 

တိုက်ခိုက်မှုသည် အရေးပါသော အခြေခံအဆောက်အအုံများနှင့် စက်မှုနှင့် စစ်ဘက်အဆောက်အအုံများကို မှတ်ပစ်ထားကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရေး ဇာလူဇက်ညီက ပြောသည်။ ရုရှထံမှ ပြောဆိုချက် ချက်ချင်း မထွက်လာသေးပေ။ 

တောင်ပိုင်း အိုဒက်ဆာ၊ အရှေ့မြောက်ပိုင်း ခါကိဗ်၊ အလယ်ပိုင်း ဒီနပရိုပတ်ထရိုဗက်နှင့် ကိယက်ဗ်တို့က ဒေသအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

စွမ်းအင်စနစ်အပေါ် အကြီးစား လေကြောင်းတိုက်ခိုက်ရန် ရုရှက ဒုံးကျည်များ စုထားနိုင်သည်ဟု ယူကရိန်းက သီတင်းပတ်များစွာတည်းက သတိပေးလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဓာတ်အားလိုင်းများကို ရုရှ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ သန်းပေါင်းများစွာ အမှောင်ကျခဲ့သည်။