ဖာပွန်နယ်ရှိ စစ်ကောင်စီ ခလရ (၁၉) နှင့် စစန (၆၄၂) တို့ကို KNLA  သိမ်းပိုက်

ရွှေနွယ်

ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်များက ယနေ့ (မတ်လ ၃၀ ရက်) နေ့တွင် ထပ်မံသိမ်းယူလိုက်နိုင်သည်ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်အပြောအရသိရသည်။

KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ကရင်ပြည်နယ် ဖာပွန်မြို့ကိုထိန်းချုပ်နိုင်ပြီးနောက်ဆက်တွဲအဖြစ် ခြေလျင်တပ်ရင်းအမှတ် (၁၉) နှင့် စစ်လက်နက်ပစ္စည်းတပ်- စစန (၆၄၂) တို့အပေါ် အောင်ပွဲရလာခဲ့ခြင်းဖြစ်သည်။

“ခလရ (၁၉)၊ စစန (၆၄၂) KNLA/ PDF သိမ်းလိုက်ပြီ။ လေကြောင်းတိုက်ခိုက်မှု အရမ်း ပြင်းထန်နေတယ်။ စစ်ကောင်စီက သူတို့တပ်ကို သူတို့ ပြန်ဗုံးကြဲတယ်။ ဖာပွန်မြို့ကိုလည်း ဗုံးကြဲနေတယ်” ဟု သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

ကရင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ ဖာပွန်မြို့နှင့် အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ကြောင့် မတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ မြို့မှဆုတ်ခွာသွားခဲ့ကြပြီး အနားရှိ တပ်ရင်းများတွင် ပူးပေါင်းနေခဲ့သည်။

ယခုအခါ ဖာပွန်နယ်မြေအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ (၃၄၁)၊ (၄၃၄) များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် အခြေချစစ်ဗျူဟာ စဗခ(၁) တို့ကျန်ရှိနေသေးသည်။

ဖာပွန်မြို့တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီမှ တစုံတရာသတင်းထုတ်ပြန်ထားခြင်းမရှိသလို ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုများကြောင့် ဖာပွန်ဒေသခံပြည်သူများမှ နီးစပ်ရာ တောစပ်များ လျှိုမြောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည်။