အွန်လိုင်းဈေးရောင်းလုပ်ငန်း မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀ မှ ၇၀,၀၀၀ အထိ ကောက်ခံမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ပုံအညွှန်း- TikTok အက်ပလီကေးရှင်းမှ အွန်လိုင်း‌ဈေးဝယ်စနစ် အသုံးပြုစဉ်

001

မဇ္စျိမ။ ။ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစတင်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀ မှ ကျပ် ၇၀,၀၀၀ အထိ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ထုတ်ပြန်သည့် မှတ်ပုံတင်ကြေးနှုန်းထားများတွင် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၇၀,၀၀၀ ၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထားတခုခုပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၅၀,၀၀၀ နှင့် လူပုဂ္ဂိုလ်တဦးချင်းဖြစ်ပါက ကျပ် ၃၀,၀၀၀ ကောက်ခံသွားမည်ဟု ပါရှိသည်။

စစ်ကောင်စီက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်း ခြောက်လဖြင့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“သူကတော့ တင်ခိုင်းတာက အွန်လိုင်းရောင်းတဲ့သူတွေအကုန်လုံးပေါ့။ ဒါပေမဲ့ အသေးစားလေးတွေပေါ့။ နည်းနည်းလေးတွေပဲရောင်းတဲ့သူတော်တော်များများတော့ မတင်ကြဘူး။ ကျွန်မလည်း အစက တင်မလို့ဆို ထောက်ခံစာတွေ ဘာတွေနဲ့လုပ်ပြီးသွားပြီ။ ဒါပေမဲ့ တင်ရတာက နည်းနည်း ခက်တယ်။ လောလောဆယ် ကျွန်မ တချို့သူငယ်ချင်းတွေလည်း မတင်ရသေးဘူး။ လုပ်ငန်းကြီးတဲ့သူတွေတော့ တင်နေကြပြီ”ဟု အွန်လိုင်းဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူတဦးကပြောသည်။

လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ခွင့်ပြုမည့် Online Sales လုပ်ငန်း မှတ်ပုံတင်များအား သက်တမ်း နှစ်နှစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်တမ်းကုန်ဆုံးသွားပါက အဆိုပါ နှုန်းထားများဖြင့်ပင် ထပ်မံသက်တမ်းတိုးရမည်ဖြစ်ပြီး မှတ်ပုံတင်ပြင်ဆင်ကြေးကိုမူ တချက်လျှင် ၃,၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလည်း ပါရှိသည်။

တဖက်တွင်လည်း မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူမည်ဖြစ်​ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခြိမ်းခြောက်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး