စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် ချင်းအမျိုးသမီးဇာတ်လမ်းရုပ်ရှင်ဝင်ငွေ တော်လှန်ရေးအတွက်လှူဒါန်း

ပုံအညွှန်း ။ ။ မလေးရှားနိုင်ငံတွင် My Duty ရှပ်ရှင်ပြသမှု မြင်ကွင်းဓာတ်ပုံ။ /။ Salai TialBawiling

ကိုခင်မောင်


(မဇ္စျိမ) ။ ။ ချင်းတိုင်းရင်းသားများ၏ နွေဦးတော်လှန်ရေးသမိုင်း‌ကြောင်း အခြေခံရိုက်ကူးထားသော “RAM RIAN( My Duty)” ရုပ်ရှင်ဇာတ်လမ်းတိုပြသမှုမှရရှိသည့် အလှူငွေများထဲမှ ကျပ်သိန်း၉၀အား တော်လှန်ရေးတပ်ဖွဲ့များထံသို့ လှူဒါန်းခဲ့ကြောင်း ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်း ကပြောသည်။

စစ်အာဏာရှင်အား လက်နက်စွဲကိုင်တိုက်ခိုက်သည့် ချင်းအမျိုးသမီးတဦးအကြောင်း အခြေခံထားသော My Duty ရုပ်ရှင်ကို ပြီးခဲ့သည့်ဇူလိုင်လတွင် ရိုက်ကူးခဲ့ပြီး နိုင်ငံအချို့၌ ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေခြင်းဖြစ်သည်။ ယခုအခါ ရရှိထားသည့် ရန်ပုံငွေထဲမှ ကျပ်သိန်း၉၀အား ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha) သို့ကျပ်သိန်း ၅၀နှင့် ချင်းအမျိုးသားတပ်ဦး (CNA)ထံသို့ ကျပ်သိန်း ၄၀ ပေးလှူခဲ့ကြောင်း ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်းက မဇ္စျိမအားပြောသည်။

၎င်းကဆက်လက်၍ ” ဒီတော်လှန်ရေးမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲဘော်တွေကို ကွန်ပျူတာသင်တန်းတွေပေးနိုင်ဖို့ နောက်ထပ်လှူဒါန်းသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

RAMRIAN (My Duty)ရုပ်ရှင်ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့၊ Bupyeong Stationတွင် ပြသခဲ့ပြီး အလှူငွေအမေရိကန်ဒေါ်လာ ၁၁,၀၀၀ကျော်ရခဲ့ကြောင်း သိရသည်။ ယင်းနောက် ဒီဇင်ဘာလပထမပတ်တွင် မလေးရှားနိုင်ငံ၌ ထပ်မံပြသခဲ့သည်။

ဒီဇင်ဘာလ ၂၂ရက်နေ့တွင်လည်း ဩစတြေးလျနိုင်ငံ အရှေ့မဲလ်ဘုန်း (Eastern Melbourne)နှင့် Perth တို့တွင်ပြသခဲ့ရာ အလှူငွေအမေရိကန်ဒေါ်လာ ၁,၅,၀၀၀ကျော်ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင်လည်း ဩစတြေးလျနိုင်ငံ Adelaide မြို့နှင့်အနောက်မဲလ်ဘုန်း (Western Melbourne ) တို့တွင်ဆက်လက်ပြသသွားမည်ဟု ဆလိုင်းတီလ်းဘွေလိန်းက ပြောသည်။

RAMRIAN (My Duty)ရုပ်ရှင်ကို စစ်ကောင်စီတပ်က မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သော ထန်တလန်မြို့၊ ထာအိုကျေးရွာနှင့် CNA ဌာနချုပ်ရှိရာ ဗစ်တိုးရီးယား စခန်းတို့၌ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ချင်းတိုင်းရင်းသူအမျိုးသမီးတဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီး ၎င်း၏နေရပ် ထန်တလန်မြို့သို့ ပြန်လာချိန်၌ တမြို့လုံးပြာကျသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် စစ်ကောင်စီ၏အကြမ်းဖက်မှုများအား လက်မခံနိုင်၍ တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်ပြီး တိုက်ပွဲဝင်ပုံကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

စာတည်း – အေးချမ်း