မန္တလေးတွင် အမျိုးသမီးဒုရဲအုပ် ပစ်သတ်ခံရ

Photo – Jet Ma FB Account

007

မဇ္စျိမ။ ။မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက၊ စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးဒုရဲအုပ်တဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ရုံးဆင်းလို့ ရဲစခန်းထဲကထွက်အလာကို (သေနတ်သမားတွေက)စောင့်ပစ်သွားတာ၊ လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့အသိုက်အ၀န်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံအရှေ့ရပ်ကွက် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်သတ်ခံရသည့်ဒုရဲအုပ်သည် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အလုပ်သင်အရာရှိ ဒုရဲအုပ်မေသဥ္ဇာ၀င်းပြည့်(ခ)ဂျက်မဖြစ်ကြောင်း၊ ၎င်းသည် ယာဥ်ထိန်းရဲဒုတပ်ကြပ်မှ ရဲတပ်ဖွဲ့သို့အသွင်ပြောင်းလာပြီးနောက် ဒုရဲအုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဥ် အခင်းဖြစ်ချိန်က ရုံးဆင်း၍ ၎င်းနေထိုင်ရာ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းသို့ တဦးတည်းဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်အနီး၌ အနောက်မှလိုက်လာသော ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သိရသည်။

“လည်ပင်းဖောက်ထွက် ဒဏ်ရာတချက်ရတယ်၊ ဆေးရုံပို့တယ်၊ ဒါပေမယ့် မမီတော့ဘူး” ဟု နယ်မြေခံရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းအသတ်ခံရမှုပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးပေ။

မန္တလေးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ် ၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့၌ ရုံးအစောင့်ရဲတပ်ကြပ်ကြီးတဦး ပစ်သတ်ခံခဲ့ရသည့်ဖြစ်စဉ်တခု ဖြစ်ခဲ့ဖူးသည်။

စာတည်း – သန့်ဇော်(သန်လျင်)