စစ်ကောင်စီတပ်စွဲထားခြင်းကြောင့် မုံရွာမြို့နယ် ရွာထောင်ရွာခံများ နေရပ်မပြန်ရဲ

Photos- CJ

Photos- CJ

(မဇ္ဈိမ)

ကျေးရွာဘုန်းကြီးကျောင်းအတွင်း အခိုင်အမာ တပ်စွဲထားသော စစ်ကောင်စီတပ်ကြောင့် မုံရွာမြို့အနီးရှိ ရွာထောင်ကျေးရွာသားများ နေရပ်မပြန်ရဲဘဲဖြစ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာ ကတုတ်ကျင်း၊ မျှော်စင်များဖြင့် အခိုင်အမာတပ်စွဲခဲ့ကာ လက်နက်ကြီးလည်း တပ်ဆင်ထားပြီး အနီးအနား ကျေးရွာများသို့ မကြာခဏပစ်ခတ်မှု ပြုလုပ်လေ့ရှိကြောင်း ဆိုသည်။

ယင်းကြောင့် ရွာထောင်ရွာခံ ၁,၀၀၀ နီးပါးသည် ကျေးရွာအတွင်း မနေရဲကြဘဲ နီးစပ်ရာ ဆွေမျိုးများဆီ သွားရောက်နေထိုင်ကြသူများ ရှိသကဲ့သို့ အိပ်ခန်းငှားနေကြရသူများလည်း ရှိကြောင်း သိရသည်။

“ရွာထောင်ရွာ ကျေးရွာသူ ကျေးရွာသားတွေကတော့ အကြောက်တရား ကင်းကင်းနဲ့ ကိုယ့်ရွာမှာပဲ နေထိုင်နိုင်ဖို့ စစ်တပ်တပ်စွဲထားကို အမြန်ဆုံးပြန်လည်ဖြုတ်ပေးဖို့ မျှော်လင့်နေကြတာပါ” ဟု အမည်မဖော်လိုသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကိုယ့်ရပ် ကိုယ့်ရွာတွင် မနေရဲဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်ကာလ တနှစ်နီးပါးရှိလာချိန်မှာ အလုပ်အကိုင်အဆင်မပြေမှု၊ ကုန်စျေးနှုန်း ကြီးမားလာခြင်းနှင့်အတူ အိမ်ခန်းငှားနေကြသူများမှာလည်း အိမ်ငှားခ မတတ်နိုင်တော့ဘဲ ငွေရေးကြေးရေး အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။

ရွာသူ၊ ရွာသားအနည်းငယ်လောက်ပဲ မလွှဲမရှောင်သာဘဲ ကျေးရွာအတွင်း နေထိုင်နေကြရကာ တပ်စွဲထားသော စစ်ကောင်စီသည် ကျေးရွာအတွင်း နေထိုင်သူအချို့ကို မကြာခဏ ခေါ်ယူစစ်ဆေးမှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

ရွာထောင်ရွာသည် အနီးအနားကျေးရွာများ မြို့အတွင်းစျေးရောင်းစျေးဝယ် အလုပ်အကိုင်များဖြင့် သွားရောက်ရာတွင် ဖြတ်သန်းသွားရာ အဓိကရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ တပ်စွဲမှုကြောင့် အဆိုပါရွာများသည်လည်း မြို့ပေါ်သွားရောက်လိုလျှင် ရှောင်ကွင်းသွားလာကြကြောင်း သိရသည်။

ရွာအတွင်းမှ ဖြတ်သွားသော ပြည်သူအချို့ကိုလည်း ဖမ်းဆီးမှုများ ရှိခဲ့ပြီး အဓိကလမ်းများ၏ လမ်းဘေးဝဲယာမှာလည်း မိုင်းများ၊ မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ဇွန်လ ၂၁ ရက်နေ့တွင်လည်း ရွာထောင်ကျေးရွာမှ လယ်ဇင်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံခြောက်ဦးကိုလည်း ဖမ်းဆီးသွားကာ ယနေ့ (ဇွန်လ ၂၆ ရက်) နေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်