မြဝတီ- ထို့ကော်ကိုးလမ်းတလျှောက် ဂိတ်ကြေးပေးရသည့်နေရာ များပြား

ပုံအညွှန်း- ဒီဇင်ဘာလ ၂၉ ရက်နေ့က မြဝတီ- ထို့ကော်ကိုး လမ်းတနေရာ၌ ယာဉ်ပိတ်ဆို့မှုမြင်ကွင်း/ (ဓါတ်ပုံ- ပေးပို့)

YT

မဇ္ဈိမ။ ။ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်သည့် မြဝတီ- ထို့ကော်ကိုး- ကျော်ခို့လမ်းတွင် ဂိတ်ကြေး ပိုက်ဆံပေးရသည့် ဂိတ်များစွာ ရှိနေကြောင်း ယာဉ်မောင်းများနှင့် ကုန်သည်များ ခရီးသွားများထံက သိရသည်။

မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်နှင့် ကော့ကရိတ်မြို့နယ်တဝိုက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်ပစ္စည်းတင်ယာဉ်များ၊ အိမ်စီးကားများသည် မြဝတီ- ထို့ကော်ကိုး တောလမ်းအား အသုံးပြုကာ ကူးသန်းသွားလာရေး ပြုလုပ်နေရပြီး အဆိုပါလမ်းအား ဖြတ်သန်းသွားလာရာတွင် အတက် အဆင်းတရက်စီ သက်မှတ်ထားကြောင်း သိရသည်။

မြဝတီ- ထို့ကော်ကိုး- ကျော်ခို့လမ်းတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC) ဂိတ်များနှင့် အခြားသော လက်နက်ကိုင်များ​၏ အထိုင်ချ စစ်ဆေးရေးဂိတ်များသည် စုစုပေါင်း ဂိတ် ၅၀ ကျော်အထိရှိပြီး ဂိတ်တိုင်းနီးပါးတွင် ဂိတ်ကြေးပေးရကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

” ဂိတ်က ၅၀ ကျော်လောက်ရှိတယ်၊ ကားသမားက တဂိတ်ရောက် တဂိတ် ပိုက်ဆံပေးပဲ၊ ၂,၀၀၀၊ ၃,၀၀၀ ပေးနေရတာတော့ တွေ့တာပဲ။ ဖုန်ကလည်းထူတာ လူဆင်းရပ်လိုက်ရင် ဒူးအထိကျော်တယ် ဖုန်ထုက၊ လမ်းကလည်း ဆိုးလိုက်တာမှ တော်တော်စိတ်ဆင်းရဲတယ်၊ အဲ့ဒီလမ်းက လာရတာ” ဟု မြဝတီမှ မွန်ပြည်နယ်ဘက်သို့ သွားသည့် ခရီးသွားပြည်သူတဦးက ၎င်း​၏ အတွေ့အကြုံကို ပြောပြသည်။

မြဝတီ- ထို့ကော်ကိုး​- ကျော်ခို့လမ်းခရီးသည် တောလမ်းဖြစ်၍ ကြမ်းတမ်းခြင်း၊ ကားတစီးနှင့် တစီး စောင့်၍ သွားရခြင်းတို့ကြောင့် စက်သုံးဆီ ပိုကုန်ခြင်း၊ ဂိတ်များတွင် ဂိတ်ကြေးပေးနေရခြင်းတို့ကြောင့် စရိတ်စကများ များလာသည့်အတွက် ခရီးသွားစရိတ်၊ ကုန်ပစ္စည်းသယ်ယူစရိတ်များ မြင့်တက်လာခြင်းဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

” မြဝတီကနေ ရန်ကုန်ထိကို ရှစ်သောင်း၊ ဘားအံအထိဆို ခုနစ်သောင်း။ အရင်ကနဲ့မတူတော့ဘူး ဈေးတက်တယ်ဆိုတာက တောလမ်းက သွားရတာဗျ၊ ကတ္တရာလမ်းက မဟုတ်ဘူး တောလမ်းကြီးကနေ သွားရတာ။ ဂိတ်တွေကလည်း အများကြီး၊ တောတွေ တောင်တွေ ဖြတ်ပြီးသွားရတော့ ဈေးတက်ပြီပေါ့ဗျာ” ဟု မြဝတီ- ရန်ကုန် အံဇာတုံး ခရီးသွားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် အခြားယာဉ်မောင်းတဦးကလည်း ” ပါဆယ်ထုပ် အသေးလေး တထုပ်ဆိုရင် နှစ်သောင်း သုံးသောင်းလောက် ဈေးပေါက်နေပြီ။ အဲ့ဒါ အနည်းဆုံးပဲ။ ပြည်သူတွေအနေနဲ့ကျ ဒါကို များတယ်ထင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ကလည်း ယူချင်လို့ ယူတာ မဟုတ်ပါဘူးဗျာ။ ဆီဈေးကတက်၊ ဂိတ်တွေကိုကလည်း ပေးရနဲ့ ပြီးတော့ ဒီလမ်းမှ မဟုတ်ရင် သွားစရာမှ မရှိတာ” ဟု ပြောသည်။

ထို့ပြင် မြဝတီ- ထို့ကော်ကိုး- ကျော်ခို့လမ်းပေါ်တွင် ယခင်ကာလကတည်းက ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များအား လုံးဝ သွားလာခွင့် မပြုထားသော်လည်း အချို့သော ယာဉ်များက သွားလာနေဆဲဖြစ်သဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အဆိုပါလမ်းတွင် ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များအား လုံးဝ သွားလာခွင့်ပြုမည် မဟုတ်ကြောင်း KNU/ KNLA (PC) က ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထပ်မံထုတ်ပြန်လာခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)