ကော်သူးလေအာမီ ဒုစစ်ဦးစီးချုပ် လူကြီးရောဂါဖြင့် ကွယ်လွန်

ပုံအညွှန်း- ဒုတိယဗိုလ်ချုပ်ကြီး စောဘဝါး

YT

မဇ္ဈိမ။ ။ ကော်သူးလေအာမီ (KTLA)​၏ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘဝါးသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း KTLA သတင်းပြန်ကြားရေးထံက သိရသည်။

” လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက လူကြီးရောဂါများ ဖြစ်ပွားနေခြင်း ဖြစ်ပါသည်၊ ကျန်းမာရေး မကောင်းသည့်ကြားမှ တာ၀န်များကို ထမ်းဆောင်နေခြင်းဖြစ်ပါသည်။ ယခု ဆုံးပါးချိန်တွင် ၉၆ပါးသော ရောဂါဖြင့်သာဆုံးပါးခြင်း ဖြစ်ပါသည်” ဟု KTLA ပြန်ကြားရေးက မဇ္ဈိမကိုပြောသည်။

အသက် ၆၄ နှစ်အရွယ် သားသမီးလေးဦး​၏ ဖင်ဖြစ်သော ဒု- ဗိုလ်ချုပ်ကြီး စောဘဝါးသည် ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်အချိန်က ထိုင်းနိုင်ငံ၊ ချင်းမိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။

” အတီးက တော်တော်လေး သဘောကောင်းတယ်။ အခုလို ဆုံးပါးသွားတာ ယုံတောင်မယုံနိုင်ဘူး” ဟု ကော်သူးလေအာမီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အမျိုးသမီးတပ်ဖွဲ့ဝင်ဟောင်းတဦးက မဇ္ဈိမကိုပြောသည်။

ဒု- ဗိုလ်ချုပ်ကြီး စောဘဝါးသည် ယခင်က ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြဝတီ၊ ဝေါလေဒေသ၊ ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်း တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား ၂၅ ဦး သတ်ဖြတ်ခံရမှုတွင် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြနှင့်အတူ ရာထူး တာဝန်ရပ်ဆိုင်းခြင်း ခံခဲ့ရသူဖြစ်သည်။

ထို့နောက် ၂၀၂၂ခုနှစ်တွင် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြဦးဆောင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကော်သူးလေအာမီ (KTLA) တွင် ဒု- စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကော်သူးလေအာမီမှ ကြေညာသည့် ကော်သူးလေအစိုးရအဖွဲ့တွင်လည်း ပြည်နယ် ဒုတိယဥသျှောင်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်သည်။

ဒု- ဗိုလ်ချုပ်ကြီး စောဘဝါး မကွယ်လွန်ခင်အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ကော်သူးလေအာမီ (KTLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) နယ်မြေ၊ ဘိတ်၊ ထားဝယ်ခရိုင်တွင် အခြေချလှုပ်ရှားလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)