နေပြည်တော်ပစ်ခတ်မှုမှ ရဲ ၃ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်

ပုံအညွှန်း- ၂၀၂၂ တွင် နေပြည်တော် သင်္ကြန်မဏ္ဍပ်၌ လုံခြုံရေးယူနေသည့် ရဲတပ်သားများ (ပုံဟောင်း)

ဂျူချန်း
မဇ္ဈိမ။ ။ နေပြည်တော်တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ‌နေထိုင်သည့်အိမ်ယာအနီး ရဲအချင်းချင်းပစ်ခတ်ရာမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့မှုအတွက် ဒုတိယရဲမှူးကြီးတဦး ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရသည်။
” ဒီကိစ္စက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းသွားတယ်။ ခိုက်ရန်ဖြစ်ပွားတဲ့အပြင် ပစ်ခတ်မှုဖြစ်ပြီး ရဲ သုံးယောက်တောင် သေဆုံးသွားတယ်။အခုတော့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေပါတယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှ သတင်းရင်းမြစ်တဦးကပြောသည်။
အထက်ပါပစ်ခတ်မှုသည် ဧပြီလ၁၅ ရက်(သင်္ကြန်အကြတ်နေ့)ည ၉ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ‌နေထိုင်သည့် အိမ်ယာအနီးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနသင်္ကြန်မဏ္ဍပ်နှင့်လည်းနီးသည့် နေပြည်တော်လွှတ်တော်ဝင်း ဂိတ်အမှတ်(၄) ၌ လုံခြုံရေးယူထားသော အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားပိုင်စိုးဦးနှင့်တပ်ကြပ်ကြီးမျိုးနိုင်ဦးတို့ စကားများရာမှ ရဲတပ်သား ပိုင်စိုးဦးသည် M-16 သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ထိုပစ်ခတ်မှုကြောင့်
ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦးအပြင် ကင်းတာဝန်ကျနေသည့် ရဲတပ်သားသန်းမင်းထက်ပါ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ သတင်းရင်းမြစ်ကပြောသည်။
“တပ်သား ပိုင်စိုးဦးက သေနတ်နဲ့ ကျည်ဘောက်ကုန်အောင် ပစ်လို့ တပ်ကြပ်မျိုးနိုင်ဦးနဲ့အနီးက တပ်သားသန်းမင်းထက်တို့ နေရာမှာပဲသေဆုံးပြီး ပိုင်စိုးဦးကလည်း ကိုယ့်ကိုယ်ကို ပစ်ပြီး အဆုံးစီရင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ရဲငါးဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် ဒုတိယရဲမှူးကြီးတဦး ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးနေသည်ဟု နေပြည်တော်မှ ရဲအရာရှိသုံးဦးထက်မနည်းက မဇ္ဈိမကို ပြောသည်။
” လူကြီးအိမ်နားမှာဖြစ်သွားတာမို့ ပွက်လောရိုက်သွားတယ်။စုံခုံအဖွဲ့က စစ်ဆေးပြီးရင် ရဲတရားရုံးမှာအမိန့်ချမှာပါ” ဟု အရာရှိအဆင့် နေပြည်တော်ရဲသတင်းရင်းမြစ်ကပြောသည်။
ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ယင်းနေရာအနီး ပြည်ထဲရေးဝန်ကြီးဌာနသင်္ကြန်မဏ္ဍပ်သို့ စစ်ကောင်စီ ပြည််ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်တို့ လာရောက်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီသည် သင်္ကြန်ကာလအတွင်း နေပြည်တော်လုံခြုံရေးအတွက် ရထားရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့အပြင် ရဲတပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်အများအပြားကို ခေါ်ယူကာ လုံခြုံရေးချထားခဲ့ကြောင်း၊ ၂၄ နာရီ လုံခြုံရေးတာဝန်ထမ်းဆောင်ရပြီး ရဲတပ်သားအချို့သည် ယင်းအပေါ် စိတ်ပျက်ခဲ့ကြကြောင်း ဧရာဝတီတိုင်းမှနေ၍ နေပြည်တော်လုံခြုံရေးသွားရောက်တာဝန်ထမ်းဆောင်ခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။
ဧပြီလ ၁၅ရက်က ရဲအချင်းချင်းပစ်ခတ်မှု၌သေဆုံးခဲ့သည့်ရဲတပ်ဖွဲ့ဝင်သုံးဦး၏ နာရေးကို ဧပြီ ၁၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာတည်း – အေးချမ်း