မုံရွာတွင် စစ်ကောင်စီတပ်ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ရပြီး ၂ ဦးသေဆုံး

ဒရုန်းမစ်ရှင်ဆောက်ရွက်နေပုံ / ဓာတ်ပုံ- မုံရွာခရိုင်အမှတ်-၁ တပ်ရင်း

လွှမ်းမိုး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ-မန္တလေး လမ်းမကြီးဘေး စွမ်းရည်ထက် ဆီဆိုင်အနီးတွင် ဂိတ်ဖွင့်၍ ဆက်ကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ်-၁ တပ်ရင်း Drone တပ်ဖွဲ့ထံက သိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း မုံရွာခရိုင် အမှတ်-၁ တပ်ရင်း မှ ကို Demo ကပြောသည်။

“ ဒရုန်းကို အသုံးပြုကာ ၆၀ မမ ဗုံးသီး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။ စစ်ကောင်စီတပ်သားတွေ တည်ရှိရာ နေရာကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး အဆောက်အအုံ နှစ်ခု မီးလောင်ပျက်စီးကာ ၊ Jammer (ရေဒီယိုလှိုင်းဖြတ်စက်) ကိုပါ ဖျက်ဆီး နိုင်ခဲ့တယ် “ ဟု ၎င်း က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၀ ဦး အထိရှိကြောင်း မုံရွာခရိုင် အမှတ်-၁ တပ်ရင်းထံက သိရပါသည်။ ထိုထိခိုက်သေဆုံးစာရင်းကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ထိုတိုက်ခိုက်မှုများကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံက ဦးစီး၍ မုံရွာခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့ ၊ မုံရွာခရိုင် အမှတ်-၁ တပ်ရင်း ( Drone တပ်ဖွဲ့) ၊ မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ နှင့် မုံရွာခရိုင် အမှတ်-၂၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ကာ တောပုပျူရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းပြီး စွမ်းရည်ထက် ဆီဆိုင်အနီး တစ်ဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး