နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃၁ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

· ရေတာရှည်နယ်၊ မရိုးခုံကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက် ညနေ ၄ နာရီခွဲခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ တောင်ငူခရိုင် တပ်ရင်း(၁) အနောက်ရိုးမအခြေစိုက် (RV )စစ်ကြာင်း(တပ်ခွဲ-၁+၅+၆)နှင့် နေပြည်တော် စစ်ကြောင်းတို့မှ (၆၀) မမရှော့တိုက်ဒုံး အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာ လ ၂၇ ရက်နေ့အထိ နှစ်လအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သား ၁၂၃ ဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း( TWO )က ထုတ်ပြန်ထားသည်။

· ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတား မြန်မာဖက်ခြမ်းတွင် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်လည်ပတ်ရန် နယ် စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပြုလုပ်သူအများအပြား တန်းစီစောင့်ဆိုင်းနေရကြောင်း ခရီးသွားများနှင့် မြို့ခံ များထံမှ သိရသည်။

· မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဥဒိန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

· မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့နေ့လယ်ပိုင်း က မိုင်းရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တခုဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားသည့် ကျေးရွာ နှစ်ရွာမှ အိမ်ထောင်စု ၁၀၀ကျော်အား ဆန်နှင့်ဆီ ထောက်ပံ့ပေးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒရုန်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

· ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို မျက်ခြည် မပြတ်စောင့်ကြည့်နေကြောင်း၊ တရုတ်နိုင်ငံသားများ ထိခိုက်မှုများနှင့်ပတ်သက်ပြီး မြန်မာဘက်သို့ ကန့်ကွက်ချက်ပေးပို့ထား ကြောင်း ၊ နှစ်ဖက်စလုံးအနေဖြင့် တရုတ်နိုင်ငံသားများကို ထိခိုက်မှုများ မရှိစေရေး နှင့်လုံခြုံရေး အတွက် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ Mao Ningက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ရှမ်းပြည်မြောက်ပိုင်း၊ကိုးကန့်ဒေသကို အပြီးသိမ်းပိုက်နိုင်ရန် လောက်ကိုင်မြို့တွင်ရှိသည့် ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် စခန်း (လောက်ကိုင် ဒစက) ကလွဲရင် ရန်သူ့စခန်း များများစားစား မရှိတော့ ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ က ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်သည်။

· ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် သိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်း ကျန်ရှိနေသည့် အရပ်သားများနှင့် နိုင်ငံခြား သားများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA မှ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြိို့နယ်၊ တောင်ကြာအင်းကျေးရွာတွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNLA ဌာနချုပ်က သတင်းထုတ်ပြန်သည်။

· အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကောင်စီတပ်စခန်းများအပြင် ရှမ်းမြောက်ရှိ မြို့များကို လက်လွတ်ဆုံးရှုံးမှုများ ဆက်တိုက်ရှိနေသည့် အခြေအနေတွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ် ရေး အဓိကကျသည့် မူဆယ်မြို့သို့ ရဟတ်ယာဉ်များဖြင့် စစ်အင်အားများဖြည့်တင်းနေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

· စစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ဇိုမီးဖက် ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသားကောင်စီ(CNC-Mindat/CDF – Mindat)

တို့သည် ချင်းညီနောင်အဖြစ် ဖွဲ့စည်းလိုက်ပြီး ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊စစ်ရေး အရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်သည်။

စစ်ကောင်စီ

· မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်သည်။

· ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်း မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင် ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

· စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ ယူကေစိန် သင်ဖြူးဖျာလုပ်ငန်းသို့ရောက်ရှိပြီး သင်ဖြူးဖျာများရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည် အားပေးကြည့်ရှုစစ်ဆေးကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

· လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေးနေကြောင်း သတင်းများတွင်ဖော်ပြထားသည်။

· တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးပျက်ပြားအောင် သတင်းမီဒီယာများမှ လုပ်ဆောင်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၃၁ သုံးသပ်ချက်

· လောက်ကိုင်တွင် တရုတ်နိုင်ငံသားများ သေဆုံးမှုနှင့်ပတ်သက်ပြီး တရုတ်က စစ်ကောင်စီကို သတိပေးရာ စစ်ကောင်စီမှ မီဒီယာများကြောင့် တရုတ်က အထင်လွဲနေကြောင့် မီဒီယာများ အပေါ် ပုံချကာ တုံ့ပြန် သည်။ တရုတ် စိတ်ကွက်မှာ ကြောက်ပြီး မီဒီယာများအပေါ် အပြစ်ပုံချနေခြင်းဖြစ်ပြီး တကယ် မြေပြင် မှာတော့ စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားများ သေဆုံးသလို လောက်ကိုင်မြို့မှာလည်း မြို့ပျက်သဖွယ်ဖြစ်နေသည်။