၂၀၁၅ မှ ဖြစ်စဉ်ဖြင့် ပုဂံတွင် ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဟူသည့် သတင်းမှား

JC

(မဇ္ဈိမ)။ ။ပုဂံမှာ ရှေးဟောင်းဘုရားကိုခြံခတ်ပြီး နိုင်ငံခြားသားပိုင် ဟိုတယ်နဲ့ စားသောက်ဆိုင်ပြုလုပ်ပြီး မြန်မာဘုရားဖူးတွေကို ဝင်ခွင့်ကန့်သတ်ထားတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

“Ba Nyut” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပုံငါးပုံနဲ့ စတင်ဖြန့်ဝေထားပါတယ်။ အဲ့ဒီပုံတွေထဲမှာ “မြန်မာမဝင်ရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေစည်းခုံဘုရားအနီးမှာ နိုင်ငံခြားသားပိုင် Bagan Step ဟိုတယ်က ရှေးဟောင်းဘုရားတဆူနဲ့ ပုဂံခေတ်ကျောက်တိုင်သုံးခုကို ခြံဝင်ခတ်ပြီး မြန်မာနိုင်ငံသား တွေကို ဝင်ခွင့်မပြု၊ ဓါတ်ပုံရိုက်ခွင်မပြုဘူးဆိုတဲ့ စာသားတွေပါတဲ့ screen shot နဲ့အတူ နိုင်ငံခြားသား နှစ်ဦးနဲ့ လူတယောက် စကားအခြေတင်ဖြစ်နေပုံ၊ မြေပုံနဲ့ ဘုရားပုံတွေ ပါဝင်ပါတယ်။ ဒီအကြောင်းအရာ ကို တခြားတယ်လီဂရမ်ချန်နယ်နဲ့ ဂရု ၁၁ ခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၈,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်မှာလည်း ပြန်လည်ဖြန့်ဝေထားကြပါတယ်။

မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့တဲ့အခါ ဒီအကြောင်းဟာ လတ်တလော ဖြစ်စဉ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဖြစ်စဉ်အဟောင်းဖြစ်နေတာကို တွေ့ရပါတယ်။

သတင်းထဲမှာပါတဲ့ screenshot ပုံထဲက အကြောင်းအရာဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကတည်းက ပျံ့နှံ့နေ တာဖြစ်ပြီး April Maung Maung ဆိုတဲ့ ဖေ့စ်ဘုတ်အသုံးပြုသူတယောက်က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။

သတင်းအမှားထဲမှာပါတဲ့ မူရင်းရေးသားသူက ကိုဇင်မင်းဆွေလို့ စာအဆုံးမှာ ဖော်ပြထားပေမယ့် မူရင်း ဖြန့်ဝေသူကို ရှာမတွေ့ခဲ့ပါဘူး။

ဒီအကြောင်းအရာဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ပျံ့နှံ့ခဲ့ပြီး မဇ္ဈိမကနေလည်း အချက်အလက် စစ်ဆေးဖော်ပြခဲ့ဖူးပါတယ်။

မဇ္ဈိမအနေနဲ့ ဒေသခံတွေ၊ အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ ဇောတိပါလပရဟိတကျောင်းတိုက်က ဆရာတော် ဥူးဇောတိပါလနဲ့ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)က ဦးဇော်ဝိတ်တို့ကို မေးမြန်းရာမှာ ၂၀၁၅ ခုနှစ်က ဖြစ်စဉ်ဟောင်းသာဖြစ်ပြီး လက်ရှိ သတင်းမှားမှာပါတဲ့ ရွှေစည်းခုံအနီးမှာ Bagan Step ဟိုတယ် ဆိုတာလည်းမရှိသလို ပုဂံမှာ သွားလာလို့မရတဲ့ နေရာတွေမရှိဘူးလို့ မဇ္ဈိမကို တညီတညွတ်တည်း ပြန်လည်ဖြေဆိုထားကြပါတယ်။
လင့် https://shorturl.at/owyC1

Google earth pro ဆော့ဝဲကို အသုံးပြုပြီး ကြည့်ရှုရာမှာလည်း Bagan Step လို့ ရေးထားတဲ့နေရာမှာ ၂၀၁၅ ခုနှစ်ကနေ ယခုချိန်ထိ အဆောက်အဦး တိုးလာတာကို မတွေ့ရပဲ ဘေးက ဘုန်းကြီးကျောင်းနဲ့ နေအိမ်ဘက်တွေမှာပဲ အဆောက်အဦး တိုးလာတာကို တွေ့ရပါတယ်။
ဒါကိုကြည့်ရင် ဒီဟိုတယ်က အမှန်တကယ် ဆက်ပြီး မဆောက်လုပ်ဖြစ်ဘူးလို့ ဆိုလို့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်မှာ လတ်တလောပြန်ပြီး ပျံ့နှံ့နေတဲ့ နိုင်ငံခြားသားဟိုတယ်ပိုင်ရှင်မျက ရှေးဟောင်း ဘုရားတွေကို ခြံဝင်းခတ်ပြီး မြန်မာနိုင်ငံသား ခရီးသွားတွေကို ဓာတ်ပုံရိုက်ခွင့်မပေးဘဲ သွားလာခွင့် ပိတ်ထားတယ်ဆိုတာ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟောင်းကို အကြိမ်ကြိမ် ပြန်လည်ဖြန့်ထားပြီး ဘာသာရေးကို ခုတုံးလုပ်ပြီး ဖြန့်ဝေထားတဲ့ သတင်းတုပဲ ဖြစ်ပါတယ်ရှင်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။