အရပ်သားများနှင့် နိုင်ငံခြားသားများ လောက်ကိုင်မြို့မှ တိမ်းရှောင်ကြရန် MNDAA ထုတ်ပြန်

ပုံအညွှန်း − တိုက်ပွဲကြား ပျက်စီးထိခိုက်ထားသည့် လောက်ကိုင်မြို့မြင်ကွင်း

ရွှေနွယ်

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်း ကျန်ရှိနေသည့် အရပ်သားများနှင့် နိုင်ငံခြား သားများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA မှ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

“ဒေသအတွင်း ဆက်လက်နေထိုင်နေသော နိုင်ငံခြားသားများအနေဖြင့် MNDAA ၏ သက်ဆိုင်ရာဌာနထံ သို့ လျင်မြန်စွာ လာရောက်စာရင်းပေးပို့ပြီး တရားဝင်သောလမ်းကြောင်းဖြင့် အမြန်ဆုံးအိမ်ပြန်ကြရန်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်မြို့အတွင်း ဆက်လက်နေထိုင်နေသော ဆိုက်ဘာမှုခင်း(ကျားဖြန့်)လုပ်ငန်းရှင်များအနေဖြင့် လည်း MNDAA သည် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် မိမိအသိ စိတ်ဖြင့် အမြန်ဆုံး ပြစ်မှုလာရောက်ဝန်ခံကြရန်လည်း တိုက်တွန်းထားသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် လောက်ကိုင်မြို့အတွင်း MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး MNDAA က စစ်ကောင်စီ၏ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း လူမှုကွန်ရက်အသုံးပြုသူ လောက်ကိုင်ဒေသခံများ မျှဝေထားသည့် ရုပ်သံများအရ သိရသည်။ ရုပ်သံမှတ်တမ်းများတွင် လောက်ကိုင်မြို့သို့ စစ်ကောင်စီက လေကြောင်းမှတဆင့် စစ်ကူများ လာရောက်ချထားပေးသည်ကိုလည်း မြင်တွေ့ရသည်။
အဆိုပါ ကိစ္စရပ်များအား အတည်ပြုနိုင်ရန် မဇ္ဈိမ၏ လောက်ကိုင်သတင်းရင်းမြစ်များထံသို့ ဆက်သွယ် စုံစမ်းနေဆဲဖြစ်သည်။

လောက်ကိုင်မြို့ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမမှ MNDAA ပြောခွင့်ရ လီကျားဝင်း(ခေါ်) ကိုကျော်နိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် “စစ်ကစားနေတာတော့ ရှိတာပေါ့နော်၊ ဒါပေမယ့် ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိသေးပါဘူး” ဟု ဖြေဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများအနေဖြင့် အမြန် ထွက် ခွာရန် တရုတ်သံရုံးက အသိပေးချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် လောက်ကိုင်မြို့၏ နေရာအနှံ့နီးပါးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

တိုက်ပွဲများအတွင်း လောက်ကိုင်မြို့ရှိ အဆောက်အဦအများအပြား ထိခိုက်ပျက်စီးထားပြီး အရပ်သား ထိခိုက်မှုများလည်းရှိကြောင်း ဒေသခံတဦးမှ ဒီဇင်ဘာလ ၃၀ ရက်နေ့က မဇ္ဈိမသို့ ပြောဆိုထားသည်။ အရပ်သားထိခိုက်မှုအရေအတွက်ကိုမူ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုများကြောင့် အထူးဒေသ(၁) ကိုးကန့်နယ်မြေအတွင်း အရပ်သားအနည်းဆုံး ၆၅ ဦး သေဆုံး၍ ၆၆ ဦးဒဏ်ရာရရှိထားကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့တွင် MNDAA မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ