နှစ်သစ်ကူးညက မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

007(မဇ္ဈိမ)။ ။စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force (NMD) အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ ရက် ယမန်နေ့ ည ၉ နာရီခန့်က မန္တလေးနန်းတွင်း ကျုံးအတွင်းသို့ တာဝေးပစ် ၁၀၇ မမ တလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို No More Dictatorship People Defence Force (NMD) နှင့် Security & Special Task Force (SSTF-MDY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“တော်လှန် New Year အဖြစ် တာဝေးပစ် ၁၀၇ မမ တလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု NMD အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မန္တလေးနန်းတွင်း၌ နေထိုင်ကြသူများအနေဖြင့် ၄၈ နာရီအတွင်း ထွက်ခွာကြရန်လည်း အဆိုပါ အဖွဲ့က သတိပေးထားသည်။

ရှော့တိုက်ဒုံးများဖြင့် အသင့်ချိန်ရွယ်ထားပြီးဖြစ်၍ သတ်မှတ်ချိန်အတွင်းထွက်ခွာရန်နှင့် မထွက်ခွာပါက အပြီးတိုင်ချေမှုန်းမည်ဟု ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“မိမိတို့ ရှော့တိုက်ဒုံးများ အဆင်သင့်ပစ်လွှတ်ရန် ချိန်ရွယ်နေရာချထားပြီးဖြစ်သည်။ နန်းတွင်းအတွင်းနေ ထိုင်သော စကစလက်အောက်ခံများအနေဖြင့် ၄၈ နာရီအတွင်း အချိန်မီထွက်ခွာရန် နောက်ဆုံး ရာဇသံ ပေးအပ်သည်။ မထွက်ခွာပါက အပြီးတိုင် ချေမှုန်းမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

NMD နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်းကလည်း မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

၁၀ ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် နန်းတွင်း၌နေထိုင်သူများ ၄၈ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးလိုက်ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ