စစ်ကောင်စီ စစ်ရှုံးနေပြီ ဟု KIO ဥက္ကဌ နှစ်သစ်ကူးမိန့်ခွန်းတွင်ပြော

ကချင်လွတ်မြောက်ရေးအဖွဲ့( KIO ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

အဂမ်

(မဇ္ဈိမ)။ ။ စစ်ကောင်စီသည် စစ်ရှုံးနေပြီဖြစ်ပြီး ယခု ၂၀၂၄ တွင် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့( KIO ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ ဟန်ချက်ညီ တိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဟု ဆိုထားသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ယနေ့ ဇန်နဝါရီလ ၁ ရက်က ပြောကြားသော နှစ်သစ်မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ်က တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုများသည် ထူးခြားပြောင်မြောက်လွန်းပြီး ၂၀၂၄ ခုနှစ်တွင် အပြောင်းအလဲမြင်ရနိုင်သည်ဟု သုံးသပ်ကြောင်း ထည့်သွင်းပြောကြားထား သည်။

နှစ်သစ်မိန့်ခွန်းတွင် လိုင်ဇာမြို့ မုန်လိုက်ခက်စစ်ရှောင်ပြည်သူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် လုပ်ရပ်က လူစိတ်မရှိသည့် အရိုင်းအစိုင်းလုပ်ရပ်ဖြစ်ပြီး၊ ဒီဖြစ်ရပ်ကို ပြည်သူတစ်ရပ်လုံးက မမေ့လျော့သင့်ဘဲ အသက်ပေးသွားသည့် ပြည်သူများကို တန်ဖိုးထားလေးစားရမည်ဖြစ်သည့်အပြင် ကျန်ရစ်သည့် မိသားစုဝင်များကိုလည်း ချစ်ခြင်းမေတ္တာဖြင့် အားပေးလက်တွဲကူညီရမည်ဟု KIO ဥက္ကဌက တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နေသလို မြန်မာတနိုင်ငံလုံးရှိ ပြည်သူများကိုလည်း ရန်သူကဲ့သို့သတ်မှတ်၍ သတ်ဖြတ်နေကြောင်းနှင့် တော်လှန်ရေးခရီးလမ်းတွင် ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရနိုင်သဖြင့် မည်သို့သောခက်ခဲမှုမျိုးကိုမဆို လက်မြောက်အရှုံးမပေးဘဲ ကျော်လွားနိုင်ကြရမည်ဟုလည်း ဆိုသည်။

လက်ရှိအနေအထားသည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” သည့်ပမာဖြစ်ကြောင်းနှင့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်များကို စည်းလုံးညီညွတ်မှုရှိစွာ ကျော်ဖြတ်ကြရန် တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး