တရုတ်အခြေစိုက် Huawei ထံ ကွန်ပျူတာချစ်ပ်များရောင်းချမှုကို အမေရိကန် ရပ်ဆိုင်း

Devidcourse

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာကုမ္ပဏီ Huawai Technologies ထံသို့ အမေရိကန်နည်းပညာများရောင်းချမှုကို ကန့်သတ်ကာ ဝါရှင်တန်ရှိ ကုမ္ပဏီအား ပြန်လည် စိစစ်နေချိန်တွင် အမေရိကန်ချစ်ပ်ပြားရောင်းချမှုခွင့်ပြုချက်အချို့ကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု မေလ ၇ ရက်က ထုတ်ပြန်ကြောင်း The Washington Post သတင်းတွင် ဖော်ပြထားသည်။  “Huawei ဆီ တင်ပို့မှုအတွက် လိုင်စင်အချို့ကို ရုပ်သိမ်းလိုက်ပြီဆိုတာ အတည်ပြုပါတယ်” ဟု အဆိုပါဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုညွှန်ကြားချက်ကြောင့် Intel နှင့် Qualcomm ကဲ့သို့သော အမေရိကန်အခြေစိုက်ထုတ်လုပ်သူများသည် Huawei အတွက် ကွန်ပျူတာသုံးချစ်ပ်များရောင်းချခွင့်မရှိတော့ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသူ သုံးဦးကိုကိုးကား၍ Washington Post ကဖော်ပြခဲ့သည်။ Huawei သည် ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် ကဲ့သို့သော အမေရိကန်ဖက်ဒရယ်အေဂျင်စီများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး ဘိုင်ဒင်အစိုးရက အမေရိကန်တွင် Huawei နည်းပညာများနှင့် ယှဉ်ပြိုင်နိုင်သည့် ကုမ္ပဏီများစွာ တည်ထောင်ရန် တွန်းအားပေးလျက်ရှိသည်။

တရုတ်အခြေစိုက် Huawei သည် တရုတ်နိုင်ငံ၏ အကောင်းဆုံး နည်းပညာကုမ္ပဏီဖြစ်သောကြောင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအချက်အချာဖြစ်နေသည်။ ထို့ပြင် Huawei ၏ အင်တာနက်နှင့်ဖုန်းများသည် အမေရိကန် ကျေးလက်ဒေသများတွင် ရောင်းအားကောင်းသည်။ အဆိုပါကွန်ရက်များသည် အချက်အလက်များ ရယူနိုင်သောကြောင့် ထောက်လှမ်းရေးအေဂျင်စီများအတွက် အကျိုးရှိသည်။ ထို့ကြောင့် ထိုပစ္စည်းများမှတဆင့် တရုတ်ထောက်လှမ်းရေးအေဂျင်စီများ၏ ထိုးဖောက်စိမ့်ဝင်မှု ပိုမိုခံရနိုင်ခြေရှိမည်ကို အမေရိကန်ကျွမ်းကျင်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

အမေရိကန်၏ ဟန့်တားမှုကို နှစ်ပေါင်းများစွာ ကြုံခဲ့ရသော်လည်း Huawei သည် မူပိုင်ခွင့်လျှောက်လွှာအရေအတွက်အရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့နံပါတ်(၁) ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေသည်။ Huawei သည် အင်တာနက်နှင့် ဖုန်းကွန်ရက်များအတွက် လိုအပ်သော ပစ္စည်းများနှင့်ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်းရောင်းအားအကောင်းဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး စမတ်ဖုန်းများကဲ့သို့ လူသုံးပစ္စည်းများတွင်လည်း လွှမ်းမိုးနိုင်ဆဲဖြစ်သည်။

နိုင်ငံတော်ဆက်သွယ်ရေးနှင့်နှင့်သတင်းအချက်အလက်ဌာန (NTIA) သည် Huawei နှင့် ယှဉ်ပြိုင်နိုင်သော ဖုန်းကွန်ရက်တည်ဆောက်ရန် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှ ကုမ္ပဏီများအတွက် ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကို ပေးအပ်သွားမည်ဟု မေလ ၇ ရက်က ကြေညာခဲ့သည်။

Huawei အပေါ် ကနဦးပိတ်ပင်မှုများနှင့် ပိတ်ဆို့အရေးယူမှုများကို ထရမ့်အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး ထိုအချိန်က Huawei သည် ပစ္စည်းလိုအပ်ချက်အတွက် တရုတ်နိုင်ငံအခြေစိုက် ထုတ်လုပ်သူများကို အားကိုးခဲ့ရသည်။ သို့သော် ထရမ့်အစိုးရလက်ထက် ဥပဒေအရ အမေရိကန်ကုမ္ပဏီများအား အန္တရာယ်ရှိမှုနည်းပါးနိုင်သည့် ပစ္စည်းအစိတ်အပိုင်းများကို Huawei သို့ ရောင်းချခွင့်ပေးခဲ့သည်။