ကွတ်ခိုင်မြို့ရှိ ခလရ (၂၄၁) ဗျူဟာတပ်စခန်းကို ညီနောင် ၃ ဖွဲ့ တိုက်ခိုက်

မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ကို တွေ့ရစဉ်

009

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနောက်ဘက် ရပ်ကွက် (၁)ရှိ ခြေလျင်တပ်ရင်း ခလရ (၂၄၁) ဗျူဟာတပ်စခန်းက်ို ညီနောင်မဟာမိတ် သုံးဖွဲ့က ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ မနက်အစောပိုင်းက စတင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ မနက် ၃ နာရီခန့်တွင် ထိုဗျူဟာတပ်စခန်းက်ို ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။

ထိုတပ်စခန်းကို သိမ်းပိုက်ရရှိပါက မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y-12 ထောက်ပို့ယာဉ် တစင်းဖြင့် မြို့ပေါ် ရပ်ကွက်များကို ယနေ့ မွန်းလွဲပိုင်းအထိ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

” မနေ့ည ကနေ အခုချိန်ထိ ပစ်နေကြတယ်။ ဒီနေ့ တမနက်လုံး စစ်တပ်လေယာဉ်က ဝဲနေတာ ရပ်ကွက် (၈) ဘက်ကိုလည်း ဗုံးကြဲနေတယ် “လို့ ကွတ်ခိုင်မြို့နေအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ညီနောင်မဟာမိတ်တပ်သည် ဗျူဟာတပ်စခန်းနှင့် ရပ်ကွက် (၅)ရှိ တောင်ပေါ်စေတီတပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက်‌နေပြီး စစ်ကောင်စီဘက်က ရပ်ကွက်တွေထဲကို လက်နက်ကြီး ဖြင့် ပစ်ခတ်နေ၍ နေအိမ်အများအပြားပျက်စီးမှုရှိကြောင်း ၎င်းကဆိုသည်။

ကွတ်ခိုင်ဗျူဟာတပ်စခန်းသည် နမ့်ဖက်ကာ၊တာမိုးညဲနှင့် မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး အထိုင်ချ တပ်စခန်းဖြစ်ပြီး အမြောက်တပ်၊ ရဟတ်ယာဉ်ကွင်းနဲ့ တပ်စခန်းကျယ်ပြန့်များရှိ ကြေင်း ကွတ်ခိုင်မြို့ခံများကပြောသည်။

ဒါ့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက် (၈)ရှိ ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့ရုံးချုပ်ကို TNLAက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယပတ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်က ပန်ဆေးကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကလည်း ကွတ်ခိုင်မြို့နှင့် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အကြား ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာရှိ ခြေလျင်တပ်ရင်း ခလရ (၁၂၃)တပ်စခန်းကို ကချင်တပ်မတော် (KIA)က စတင်တိုက်ခိုက်ခဲ့သည်။

နမ့်ဖက်ကာ တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း နမ့်ဖက်ကာရွာ ဒေသခံများနှင့် နီးစပ်သူက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး