ရခိုင်တွင် နွေစပါးစိုက် အမျိုးသမီးများ မြေမြှုပ်မိုင်းနင်းမိပြီး ၁ ဦး သေဆုံး

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ (Photos- CJ)

ဓါတု

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဂယ်လောင်းကျေးရွာတွင် နွေစပါးစိုက်ပျိုးရန်အတွက် လုပ်ဆောင်နေကြသော ‌ဒေသခံအမျိုးသမီးများ မြေမြှုပ်မိုင်းနင်းမိ၍ တလုံးပေါက်ကွဲသဖြင့် အမျိူးသမီးတဦးသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က လယ်ပိုင်ရှင်ဦးတင်လှိုင်၏ လယ်ကွင်းတွင် နွေစပါးစိုက်ပျိုးရန် ရေသွင်းလုပ်ဆောင်နေကြသော ဒေသခံများ မိုင်းတက်နင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။

“စစ်ကောင်စီက မနေ့က အမ်းမြို့ကနေ အင်အား ၁၅၀ ခန့် စစ်ကြောင်းထွက်လာပြီး ဂယ်လောင်းကျေးရွာအနီး ညအိပ်ခဲ့ပါတယ်၊ သူတို့ ဘယ်အချိန်က ပြန်သွားတာတော့ မသိလိုက်ပါဘူး၊ မနေ့မနက်စပါးခင်းထဲ စပါးရိတ်သိမ်းဖို့သွားတော့ မိုင်းပေါက်ကွဲတာပါပဲ၊ ဒီပေါက်ကွဲမှုကို စကစကရဲ့လော်ဘီချန်နယ်တွေမှာ ရက္ခိုင့်တပ်တော်(AA) ကထောင်တယ်ဆိုပြီး စွပ်စွဲပြောဆိုနေတာတွေရှိပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ခဲ့သော ဂယ်လောင်းကျေးရွာသည် အမ်းမြို့ပေါ်မှ ငါးမိုင်ခန့် ကွာဝေးသည့် အမ်း-တပ်တောင် ကားလမ်းဘေးတွင် တည်ရှိသည်။

“စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မ်ိုင်းဖြစ်နိုင်ပါတယ်၊ သူတို့ဘက်ကတော့ အမြဲအဲ့လိုစွပ်စွဲနေကျပဲ၊ ဘာလို့လဲဆို AA ကမြေမြှုပ်မိုင်း မသုံးဘူး၊ ဆွဲမိုင်းပဲသုံးတာ၊ အခု ပေါက်ကွဲတာ AA ရဲ့မိုင်းမဖြစ်နိုင်ဘူး”ဟုအမ်းမြို့ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၅) နှစ်အရွယ် ဒေါ်မေတင်၏ ပေါင်တွင် မိုင်းစထိမှန်ခဲ့ရာ ပေါင်ပြတ်ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခြင်း ဖြစ်သည်။

ကျန် ငါးဦးဖြစ်သည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တဦး၏ ခန္ဓာကိုယ်အနှံ့တွင်် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာများရရှိသွားပြီး ယင်းအနက် အချို့သည် အမ်းမြို့က စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အမ်းမြို့နယ်၊ တပ်တောင်မြို့ရှိ နယ်မြေခံရဲစခန်းအနီးတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၈ ရက်ကလည်း စစ်ကောင်စီတပ် ထောင်ထားသောမိုင်းနင်းမိသဖြင့် အသက် ၁၂ အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီးမိခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအရှိန်မြင့်တက်နေ၍ စစ်ရေးတင်းမာနေသည်။

စာတည်း။ ။ နောင်နောင်