မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီယာဥ်တန်းများ မကြာခဏ မိုင်းဆွဲတိုက််ခိုက်ခံနေရသည့် မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာ။ (ပုံ-Google Maps)

ရောင်နီ

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း People’s Defence Force – South Monywa တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်မှ သံပြားကာကားတစီးနှင့် ခြောက်ဘီးကားနှစ်စီးပါယာဥ်တန်း ကို မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်က မိုင်းအကြီး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဟု ဆိုသည်။

“ မိုင်းခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ ကားသုံးစီးလုံး စုတ်ပြတ်သတ်ပြီး ရပ်တန့်သွားခဲ့ပါတယ်” ဟု People’s Defence Force – South Monywa တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားသုံးစီးလုံးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာသူများ ထိခိုက်မှုရှိနိုင် ကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် ယာဥ်တန်းတွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်များ၊ လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာတလျောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စက်လက်နဲ့ရော လက်နက်ငယ်နဲ့ရော တောက်လျှောက်ပစ်တာ၊ နောက်ပွိုင့်တွေတောင်ခွဲမရဘဲ ပြန် ဆုတ်ခဲ့ရတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပါဘူး” ဟု PDF South Monywa တာဝန်ရှိသူက ပြော သည်။

ပြန်လည်ပစ်ခတ်မှုများပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ယာဥ်တန်းသည် မုံရွာ-ချောင်းဦးလမ်းဘေးရှိ စစ်ကောင်စီတပ်ပိုင် ဘက်စုံမွေးမြူရေးခြံအတွင်း မောင်းနှင်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို သီးခြား အတည်ပြုနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

အဆိုပါ တိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ် နှစ်ကူးအကြိုအဖြစ် People’s Defence Force – South Monywa နှင့် Youth Vigor Revolution Force တို့ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်စဉ် ကပ်လျက်လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဥ် ကိုလည်း မိုင်းစထိမှန်မှုများရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

“ခရီးသည်တင်မှန်လုံကားက ကားသုံးစီးနောက် မလှမ်းမကမ်းကနေ လိုက်လာတာ။ မိုင်းဆွဲတဲ့အချိန်မှာ စကစ ကားတွေအပြင် နောက်က ခရီးသည်တင်ကားပါ ထိသွားပါတယ်” ဟု ၎င်းက ဆိုသည်။

မိုင်းစထိမှန်မှုကြောင့် ခရီးသည်တင်ကားတွင် ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ကားက ပြင်းပြင်းထန်ထန်ထိတာတော့ မဟုတ်ဘူး၊ ပွန်းရုံ ပဲ့ရုံပါပဲ။ မိုင်းကြောင့် ပြည်သူ့တွေလိုက်ပါလာ တဲ့ယာဥ် ထိမှန်ခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်သူတွေ ထိတ်လန့်ခဲ့ရတဲ့အတွက် လည်း အနူးအညွတ်တောင်းပန်ပါတယ်” ဟု PDF South Monywa တာဝန်ရှိသူက ပြောသည်။

ပြည်သူများလိုက်ပါလာသည့် မော်တော်ယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ခပ်ဝေးဝေးမှ သွားလာကြရန်နှင့် အိမ်စီးကားများအနေဖြင့် မှန်ချမောင်းနှင်ရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို ဖိနှိပ်ရန်အတွက် မုံရွာ-ချောင်းဦးလမ်းပိုင်း ကို အသုံးပြုကာ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

ထို့ကြောင့် အဆိုပါလမ်းတလျောက်ဖြတ်သန်းသည့် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်နေ သည်။

People’s Defence Force-South Monywa သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း ဖြစ်သည်။

စာတည်း။ ။စောဖေ