ရန်ကုန် ၄၄ လမ်းဖြစ်စဉ်တွင် လွတ်မြောက်လာသူ ကျောက်ကပ်ရောဂါဖြင့် သေဆုံး

ခက်နွေ၊ ရွှေနွယ်

(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတခုကို စစ်ကောင်စီက စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချသည့်ဖြစ်စဉ်တွင် တိုက်ခေါင်မိုးပေါ်၌ ပုန်းအောင်းပြီး လွတ်မြောက်လာသူ ကိုကောင်းမင်းသန့် သည် ဇန်နဝါရီလ ၁ ရက်နေ့ ညနေတွင် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားကြောင်း နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

အသက် ၂၀ အရွယ်ရှိ ကိုကောင်းမင်းသန့်သည် ထိုင်း- မြန်မာနယ်စပ်တနေရာတွင် ရှောင်တိမ်းနေထိုင်နေစဉ် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

“(ကျောက်ကပ်ရောဂါကြောင့်လို့) ဆေးရုံက အတည်ပြုပေးလိုက်တာပါ၊ သူမဆုံးခင်ကတော့ ကျန်းမာရေးကတော့ တခုပြီးတခု ဖြစ်နေတာ၊ ဗိုက်အောင့်လိုက်၊ ခါးနာလိုက်၊ မျက်လုံးမှုန်တယ်လည်း ပြောတယ်၊ မဆုံးခင်ရက်တွေကတော့ ကျွန်တော်ကတော့သူ့ကို ခြေထောက်ယောင်လာတယ်ပြောတာ၊ သူကဘောလုံးကန်လို့ ခြေထောက်လိမ်တယ် ပြောတယ်” ဟု ကိုကောင်းမင်းသန့်၏ မိတ်ဆွေတဦးက ပြောသည်။

ကိုကောင်းမင်းသန့်သည် ထိုင်း- မြန်မာနယ်စပ် တနေရာသို့ ရှောင်တိမ်းလာပြီးနောက်ပိုင်း လူငယ် Rapper အဆိုတော် Flexx နာမည်ဖြင့် တော်လှန်‌ရေး ရန်ပုံငွေရှာဖွေသည့် ပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ သူတဦး ဖြစ်သည်။

“(သေဆုံးတာ) ဟုတ်တယ်၊ သူ အခွေလုပ်ဖို့၊ လုပ်နေတာ”ဟု ၎င်းနှင့် နီးစပ်သူ နောက်ထပ်တဦးကလည်း ပြောသည်။

၎င်းသည် ၄၄ လမ်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးစဉ်၌ တိုက်ခေါင်မိုးထပ်တွင် ပုန်းအောင်း၍ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကိုယ်တိုင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်ခန်းတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမှုကြောင့် လူငယ် ငါးဦး တိုက်ပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူ သုံးဦးရှိကာ ဆက်စပ်ဖမ်းဆီး ခံရသူများလည်း ရှိခဲ့သည်။

စီးနင်းစဉ် ဖမ်းဆီးခံ လူငယ်အချို့နှင့် ဆက်စပ်သူ ၁၀ ဦးကို ထောင်ဒဏ် ငါးနှစ်မှ ၁၂ နှစ်အထိ ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းအနက် နောက်ဆက်တွဲ ကွင်းဆက်အဖြစ် ဖမ်းဆီးခံခဲ့ရသူ ကိုမင်းဟိန်းခန့်(ခ) အာကျယ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အင်းစိန်ထောင်အတွင်း နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

စာတည်း။ ။ နောင်နောင်