ရှားတောမြို့ကို ကရင်နီပူးပေါင်းတပ်သိမ်းပိုက်၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိ

ရှားတောမြို့မှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများ (KPLA)

ဂျူချန်း

(မဇ္ဈိမ)။ ။ရှားတောမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိထားကြောင်း ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)က ထုတ်ပြန်သည်။

“ကျနော်တို့ အင်အားစုများမှ အပြီးသတ်သိမ်းပိုက်လိုက်ပါပြီဗျ။ ၁၂ ရက်နေ့က သိမ်းယူနိုင်ခဲ့တာပါ”
ဟု KPLA မှ ဒုတပ်ရင်းမှူးရဲဘော်ခွန်းစူးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း ဒဏ်ရာများဖြင့် အရှင်ဖမ်းမိထားသည့် စစ်ကောင်စီဗျူဟာမှူးသေဆုံးသွားကြောင်းသတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

“ရှားတောမြို့ကို သိမ်းလိုက်နိုင်တယ််ဆိုတာကတော့ အမှန်ပါပဲခင်ဗျ။ အသေးစိတ်ကိုတော့ ကျနော်တို့ မကြာခင်ထုတ်ပြန်ပေးပါမယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်နီပြည်နယ်၊ ရှားတောမြို့မှ စစ်ကောင်စီစခန်းများကို ကရင်နီတပ်မတော်(KA)၊ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်(PDF) များက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်မှစ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီကင်းစခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး မြို့လယ်ဘုရားကုန်းတွင်တပ်စွဲနေသည့် တပ်စခန်းတခုသာ ကျန်ရှိကြောင်း KNDF မှ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။နောက်ဆုံးကျန်ရှိနေသည့် မြို့လယ်ဘုရားစခန်းကုန်းကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ရှားတောတမြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KPLAက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ကျော် အရှင်ဖမ်းမိကာမှ လက်နက်ခဲယမ်းအများအပြားလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ရှာတောမြို့လတ်တလောအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိတွင် ကရင်နီပြည်နယ်ရှိ မြို့ ၁၁ မြို့အနက် မယ်စဲ့၊ ရွာသစ်၊ မော်ချီး၊ နန်းမယ်ခုံ၊ ရှားတောမြို့တို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ အလုံးစုံ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်ဒကစကို ဝန်းရံနိုင်သည့် အနေအထားဖြစ်ကာ လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကျော်ကို စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း၊ ကရင်နီနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေးအင်အားစုမှ ထိန်းချုပ်ထားနိုင်ကာ ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် ဆီဆိုင်မြို့တွင်းကိုလည်း တော်လှန်ရေးအင်အားစုများမှ နေရာယူထားနိုင်ကြောင်း KNDF ကထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း