လိုင်ဇာအနီး စစ်ကောင်စီရဟတ်ယာဉ်၁စီးကို KIA ပစ်ချ

လူမူကွန်ယက်မှ ပျံနှံ့လာသော ဗွီဒီယိုမှ Screen Shot

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ KIA ထိန်းချုပ်ဒေသလိုင်ဇာအနီး၌ ယနေ့ ဇန်နဝါရီ ၃ရက် နံနက် ၁၁ နာရီ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ရဟတ်ယာဉ်တစီးကို ပစ်ချလိုက်နိုင်ကြောင်း ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

” ပျက်ကျသွားတာသေချာလောက်ပါပြီ။ ရှေ့တန်းကနေသတင်းပေးတာရှိပါတယ်။ ဒီနေ့ ၁၁ နာရီ ၅၀ လောက်ကပါ” ဟု မဇ္ဈိမအား ဗိုလ်မှူးကြီး နော်ဘူကပြောသည်။

စစ်ကောင်စီ၏ Mi 17 အမျိုးအစားရဟတ်ယာဉ်ဟု ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။စစ်ကောင်စီရဟတ်ယာဉ်တစီးအား KIA ရဲဘော်များက ပစ်ချလိုက်ကြောင်းကိုမူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။ဖြစ်စဉ်နှင့် နေရာအသေးစိတ်ကို စုံစမ်းနေဆဲဟု၎င်းကပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် မြစ်ကြီးနားလေတပ်မှ တက်လာပြီး လိုင်ဇာအနီးမှ စစ်ကောင်စီစခန်းများကို လက်နက်နှင့်ရိက္ခာ ပို့ဆောင်သည့်လေယာဉ်ဟုကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

လူမှုကွန်ရက်တွင် ယနေ့ နံနက်ပျံ့နှံလာသည့်ဗီဒီယိုဖိုင်၌ ရဟတ်ယာဉ်တစီးသည် မီးခိုးများထွက်၍ ပျက်ကျသွားသည်ကို တွေ့ရသည်။

Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သည် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနှင့် ပျံသန်းရေးအင်ဂျင်နီယာပါဝင်ပြီး လူ ၂၀ ကျော် တင် ဆောင်နိုင်သလို ယာဉ်ငယ်များပါ တင်ဆောင်နိုင်သည်။ ရဟတ်ယာဉ်ပြတင်းပေါက်၌ လေ့ကျင့်ရေး စက်သေနတ်များ တပ်ဆင်နိုင်ကြောင်း သိရသည်။ ဒုံးကျည်၊ ဗုံး၊ ၅၇ မမ၊ ၈၀ မမ ပဲ့ထိန်းဒုံးများနှင့် ၂၀ မမ အမြောက်ပါ တင်ဆောင်နိုင်သည်။

စစ်ကောင်စီတပ် Mi 35 ရဟတ်ယာဉ်တစီးကို ၂၀၂၁ ခုနှစ် မေလတွင် ကချင်ပြည်နည်၊ မိုးမောက်မြို့နယ် ကုန်းလော ကျေးရွာအနီးတွင် KIA က ပစ်ချခဲ့သည်။၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က ချင်းပြည်နယ် ဟားခါးတွင် ပညာရေးဝန်ထမ်းများတင်ဆောင်လာသော Mi-17 စစ်ရဟတ်ယာဉ်တစ်စင်း အမြီးကျိုးပြီး ပျက်ကျခဲ့သည်။

စာတည်း – အေးချမ်း