ကောလင်းတွင် စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ။ (ပုံဟောင်း)

ကိုခင်မောင်

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း ကောလင်းခရိုင် တပ်ရင်း(၂)ထံမှ သိရသည်။

မတ်လ၂၁ ရက် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှစ၍ ကောလင်းမြို့နယ်အနောက်ခြမ်းကျေးရွာများဖြစ် သော ရွာမရွာ၊ စံတော်သာကုန်း၊ မင်းကုန်း၊ ဖန်းခါးကုန်း၊ ကျောက်ကြမ်းတောင် စသောနေရာများသို့ စစ်ကောင်စီတပ်များဖြန့်ခွဲ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း ကောလင်း ခရိုင်တပ်ရင်း(၂)မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“မနက်ခင်းထဲက တိုက်ပွဲပြင်းထန်နေတာ အခုထိပဲ ။ စကစဘက်က အကျအဆုံးများတယ်၊ တို့ဘက်က နှစ်ယောက်ထိထားပြီးပြီ။ ဟောင်ဝစ်ဇာကတော့ ဝန်းသိုကနေပစ်တယ်” ဟု ကောလင်းခရိုင်တပ်ရင်း(၂) မှ တာဝန်ရှိသူက ဆိုသည်။

ယနေ့တနေ့ကုန်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများပြီး ကောလင်းခရိုင် တပ်ရင်း(၂)မှလည်း ရဲဘော်နှစ်ဦး မြင့်မြတ်စွာကျဆုံးသွားကြောင်း သိရသည်။

ယနေ့တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း(၂)၊ယင်းမာပင် ခရိုင်ပူးပေါင်းတပ်၊ ကန့်ဘလူခရိုင် တပ်ရင်း (၁)၊ ကောလင်းမြို့နယ် (ပကဖ)၊ခရိုင် (ပကဖ)၊ လက်ရုံးတပ်တို့ပူးပေါင်း၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကောလင်းမြို့ပေါ်မှ ဆုတ်ခွာခဲ့ရသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေကြပြီး စားနပ်ရိက္ခာနှင် အခြေခံ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ