(KNU)တပ်မဟာ(၅)တွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး၍ ၅၇ ဦး ဒဏ်ရာရ

ပုံအညွှန်း- KNU၊ KNLA ဒု- စစ်ဦးစီးချုပ် ဒု- ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တလအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး တပ်ကြပ်အပါအဝင် ၅၇ ဦး ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

” မူတြော်မှာက စကစဘက်က ဘာမှ သိပ်မကျန်တော့ဘူး။ စခန်းတွေဆိုလည်း ဒီဘက်က တော်တော်များများကို ထိန်းချုပ်ထားနိုင်နေပြီ။ လေကြောင်းကနေ ထောက်ပို့တာတွေတော့ ရှိတာပေါ့၊ မြေပြင်ကတော့ မလာနိုင်ကြတော့ဘူး” ဟု (KNU)တပ်မဟာ (၅) နယ်မြေရှိ သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

၂၀၂၃ နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အကြိမ်ရေ ၈၉ ကြိမ်အတွင်း အဆိုပါအတိုင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးဖြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ ဒီဇင်ဘာလ တိုက်ပွဲများအတွင်း (KNU)တပ်မဟာ (၅) KNLA ဘက်တွင်လည်း ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ကာ ၄၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် စစ်တဲစခန်း ၁၃ လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး မြင်း၊ လား ခြောက်ကောင်ကို အရှင်သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာအတွင်း သံလွင်မြစ်ကမ်းဘေး၌ နှစ်ပေါင်း ၃၀ ကြာ တပ်စွဲထားသည့် စစ်ကောင်စီ​၏ ပွိုင့် (၉၃၉) မိုလိုကျိုးစခန်းနှင့် စော်ထာစခန်းကိုပါ သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဒီဇင်ဘာ တလတာအတွင်း စစ်ကောင်စီ​တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် (KNU) တပ်မဟာ (၅) နယ်မြေတွင် ဒေသခံတဦး သေဆုံးကာ လူသောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံနေအိမ်လေးလုံး၊ ဘာသာရေးအဆောက်အဦနှစ်လုံးနှင့် ဒေသခံများ​၏ စက်လှေနှစ်စီိး၊ ဆိုင်ကယ်တစီးတို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)