မုံရွာမြို့အခြေစိုက် အဆရ(၁၂)မှ တပ်သားရဲနိုင်ဝင်း လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အင်မထီးပျူစခန်းတွင် တာဝန်ကျသည့် တပ်သား ရဲနိုင်ဝင်းသည် ဇန်နဝါရီ ၂ ရက်နေ့၌ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

CDM တပ်သား ရဲနိုင်ဝင်းသည် မုံရွာမြို့ အခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း( အဆရ-၁၂)မှ ဖြစ်ပြီး ၊ ပုလဲမြို့နယ် အင်မထီးပျူစခန်းတွင် လုံခြုံရေးတာဝန်ကျစဉ် ယင်းမာပင်ခရိုင် တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆) ထံ အလင်းဝင်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆)ထံက သိရသည်။

“ စစ်သားတွေဟာ တိုင်းပြည်အတွက်မဟုတ်ဘဲ အာဏာရူး လူတစုအတွက် သေပေးနေကြရတယ်။ ကျနော်နဲ့ အပတ်စဉ်တူ သူငယ်းချင်းတွေလည်း သေသွားကြပြီ ။ တချို့လည်း ခြေပြတ်၊ လက်ပြတ်တွေ ဖြစ်ကုန်ကြပြီ။ အသက်ရှင်ခွင့်ရဖို့ ပြည်သူ့ရင်ခွင် ခိုလှုံမှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ ထွက်လာခဲ့တယ်။ ထွက်လာတော့ ကာကွယ်ရေးတပ်ရင်းတွေနဲ့ အချိတ်ဆက်မရှိတော့ အလံဖြူထောင်ပြီး အလင်းဝင်လာခဲ့ရတယ်” ဟု CDM တပ်သားက ဆိုသည်။

အဆိုပါ တပ်သားသည် MA-11 သေနတ် တလက်၊ ကျည်ဘောက် သုံးခု နှင့် ကျည် ၆၁ တောင့် တို့ဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊ (၄)၊ (၅)၊ (၆) ထံ အလင်းဝင်ခိုလှုံခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆) မှ လက်နက်အပြည့်အစုံ ဖြင့် CDM ဝင်လာသည့် တပ်သား ရဲနိုင်ဖြိုးကို မြန်မာကျပ်ငွေ သိန်း ၈၀ ဆုချီးမြှင့်ခဲ့ကြောင်း ၎င်းတပ်ရင်းများမှ ပြောရေးဆိုခွင့်ရှိသူ ကိုပီတာ ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် အာဏာရူး လူတစုအတွက် အသက်အသေမခံကြဘဲ ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြရန် ယင်းမာပင်ခရိုင် တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆) မှ ပြောရေးဆိုခွင့် ရှိသူက တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်အခြေစိုက် ခလရ- (၂၆၉ )မှ ဒုတပ်ကြပ်တဦး လက်နက်အပြည့်အစုံဖြင့် ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် (ပ.အ.ဖ) ထံ အလင်းဝင်ခိုလှုံခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)