နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဇန်နဝါရီ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပူးပေါင်း တပ်ဖွဲ့များ က နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာက စစ်ကောင်စီအခြေစိုက် စခန်းကို ဇန်နဝါရီလ (၂) ရက်နေ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင် ဖမ်းဆီး ရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


တနင်္ဿရီတိုင်း၊ ရေး-ထားဝယ်လမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၄၀၉) ခြေမြန် တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂ရက် မနက် ၈နာရီ အချိန်မှာ ၈၁မမ ဗုံးသီး ၅လုံး အသုံးပြုပြီး SFZ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Dawna Column- တောင်ပိုင်းစစ်ဒေသက ယနေ့ ထုတ်ပြန်သည်။


မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်တွင် တိုင်းပြည်အာဏာကို မတရားလုယူရန် ထပ်မံကြိုးပမ်းပြီး ခေတ်အဆက်ဆက် စစ်အာဏာ ရှင်များ ထက် ပိုမိုဆိုးဝါးပြင်းထန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် လာခဲ့ရာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ပြည်သူ့နွေဦးတော်လှန်ရေးကို ဆင်နွှဲ ကာ ရရာလက်နက် စွဲကိုင်တော်လှန်ကြရသည်အခြေအနေအထိ ဆိုက်ရောက်လာခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရမှ လွတ်လပ်ရေးနေ့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ တနင်္သာရီ မြို့နယ် ပညာ‌‌ရေးဘုတ်အဖွဲ့က စီမံခန့်ခွဲနေသည့် ပြည်သူ့အခြေပြုကျောင်းများ၏ ပညာရည်ချွန် ဆုပေးပွဲ နှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း တနင်္သာရီ မြို့နယ် (ပကဖ)က ထုတ်ပြန်ထားသည်။


စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်၏ ကျေးရွာ ၂ ရွာမှာ အုပ်ချုပ်ရေး ၊ ကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူလူထုတို့အကြား မျက်နှာစုံညီတွေ့ဆုံပွဲကို ဇန်နဝါရီ ၃ ရက်၊က ပြုလုပ်ခဲ့ကြကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။


တော်လှန်ရေး လှုပ်ရှားမှုများ


မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဈေးမသွယ် အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများ အနက် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးသာ ပါဝင်ကြောင်း ဈေးမသွယ်ထောင် သတင်းရင်းမြစ်ထံက သိရသည်။


မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၁,၀၀၀ ကျော်ကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည်ဖြစ်သည်ဟု အကျဉ်းဦးစီးနှင့်နီး စပ်သည့်သတင်းအရင်း အမြစ်များအရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အမျိုးသမီး ၃၉၂ ဦး ရှိပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ၅၄၁ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။


ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့(ဇန်နဝါရီ ၄) နံနက်က သပိတ်အင်အားစုများ ဦးဆောင်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများအား မောင်းသူမဲ့လေ ယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၇) တပ်ရင်း တောကြီးမြွေပွေး တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တီက ပြောသည်။


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အင်မထီးပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားတစ်ဦး ပထမဆုံး အကြိမ် လက်နက်ခဲယမ်းများ သယ်လာပြီး အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း၈၀ ချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၃၊ ၄၊ ၅၊ ၆)သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ


မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) ကိုးကန့်ခရိုင်လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့က ဒေသပရဟိတ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး နယ်စပ်မှတ်တိုင်(၁၂၅)ဒုက္ခသည်စခန်း မှာ တရား ဥပဒေစိုးမိုးရေး ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်စည်းမျဉ်းဥပဒေလုပ်ငန်း တွေ ပြန်လည်စတင်လာခဲ့ကြောင်း ကိုးကန့်မီဒီယာတွက် ဖော်ပြထားသည်။


ရက္ခိုင်ဒေသအတွင်းက အကြမ်းဖက် စစ်ကောင်စီစခန်း တခုမှမကျန်အောင် အပြတ်ချေမှုန်းမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက “ချင်းလက်ဝ” စစ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်ပြီး ယင်းသည် ပလက်ဝဒေသအတွင်းက ခုနစ်ခုမြောက် သိမ်းပိုက် လိုက်နိုင် သော စစ်စခန်းကုန်း ဖြစ်ကြောင်း ထုတ်ပြန်သည်။


ကချင် ပြည်နယ်၊ဝိုင်းမော်မြို့နယ်အတွင်းယနေ့ နံနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ပစ်ချခဲ့သည့် ရဟတ်ယာဉ်၌ လိုက်ပါလာသော ရဟတ်ယာဉ်မှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်ခုနှစ်ဦးစလုံး သေဆုံးသွားကြောင်း KIA ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။


ရန်ကုန်-မန္တလေးလမ်းဟောင်းကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီ ကာကင်းစခန်း ၈ခုကို ယနေ့ လွတ်လပ်ရေးနေ့ (ဇန်နဝါရီ ၄ရက်) မနက် တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ကထုတ်ပြန်သည်။
မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အမေရိကန်နိုင်ငံ ခြားဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထပ်မံပြောဆိုလိုက်သည်။


စစ်ကောင်စီ


စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(NSPNC)နှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးသွားရန်ရှိနေကြောင်း သိရသည်။


ရန်ကုန်မြို့က ဆန္ဒပြပွဲ တခုတွင် သတင်းယူရင်း စစ်ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးခံလိုက်ရသည့် Myanmar Pressphoto Agency သတင်းဌာန၏ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း သည် ယနေ့ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ ပြီဖြစ်ကြောင်း ၎င်း၏မိသားစုဝင်တဦးက မဇ္ဈိမကို အတည်ပြုသည်။


ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉,၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ကြေညာသည်။


အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် (လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ခြင်း)လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ကာ သန်းခေါင်စာရင်းကောက်ပြီ မဲစာရင်းရပါက ရွေးကောက်ပွဲ လုပ်မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ထည့် သွင်းပြောဆို ပြန်သည်။


ဇန်နဝါရီ ၄ သုံးသပ်ချက်


မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်မည်အကြောင်းကို ထပ်ကာထပ်ကာ ပြောဆိုနေပြီး ၎င်း၏ အကျပ်အတည်းကို ရွေးကောက်ပွဲအသုံးချ၍ ထွက်ပေါက်ရှာရန်ကြိုးပမ်းနေခြင်းဖြစ်သည်။


ပြည်သူ့ကာကွယ်ရေးတပ်များသည် လက်ဇောင်းထက်လာပြီး စစ်ကောင်စီ၏ အရာထူးကြီးပိုင်းများကိုပင် စစ်မြေပြင်၌ လက်ရဖမ်းမိလာနိုင်သည် အထိ စစ်ရေးစွမ်းရည် တိုးတက်လာသည်ကို တွေ့ရသည်။