မင်းကင်းတွင် ပျူစောထီးအဖွဲ့ပစ်ခတ်၍ အရပ်သားသေဆုံး

ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည့်အမျိုးသား

MTO

(မဇ္ဈိမ)။ ။ကလေးဝမြို့နယ်မှ လာရောက်သောလင်မယားနှစ်ဦးအား မင်းကင်းမြို့နယ်၊မအူရွာမှပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်ရာ တဦးသေဆုံးပြီး တဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကလေးခရိုင်အမှတ်(၁၅)တပ်ရင်း မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါဖြစ်ရပ်သည် မင်းကင်းမြို့နယ် ၊ မြေနီကျေးရွာအထွက်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

မုံရွာ-ကလေး၀-ယာကြီး လမ်းအတိုင်း ဘေးတွဲဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ဦးအား ပျူစောထီးအဖွဲ့ကပစ်ခတ်ရာ အမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ကလေးခရိုင်အမှတ်(၁၅)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်ခံရသည့်နေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသွားရောက်ချိန်တွင် မအူရွာမှပျူစောထီးများ ရှိမနေတော့ဘဲ ပြန်လည်ဆုတ်ခွာသွားသည်ဟုဆိုသည်။သေဆုံးသူ၏ ရုပ်အလောင်းကိုပြည်သူ့ကာကွယ်‌ရေးရဲဘော်များက ပြန်လည်ယူဆောင်လာပြီး တူမတော်စပ်သူထံအပ်နှံခဲ့ကြောင်း သိရသည်။

ကလေးခရိုင်အမှတ်(၁၅) တပ်ရင်းတာဝန်ရှိသူက “ ကျတော်တို့ စစ်ကြောင်းပြန်ထိုးတဲ့အခါကျ သူတို့က ပြန်ဆုတ်သွားပြီ။ လူနာကို ကြည့်လိုက်တဲ့အခါရင်ညွန့်နဲ့လက်မောင်း နှစ်ချက်ထိမှန်ပြီး ဆုံးသွားပြီ “ ဟုပြောသည်။

မအူကျေးရွာမှပျူစောထီးများသည် မုံရွာ-ကလေး၀-ယာကြီး လမ်းမပေါ် တက်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးရိုက်နှက်ခြင်း ၊ငွေကြေးကောက်ခံခြင်း၊ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မအူရွာသည် မင်းကင်းမြို့နယ်အနောက်မြောက်ဘက်တွင်တည်ရှိသည်။ စစ်ကောင်စီတပ်ဖွဲ့ က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အင်အား ၃၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူများကို ပျူစောထီးအဖွဲ့ဝင်အဖြစ် ခြိမ်းခြောက်သိမ်းသွင်းခဲ့ပြီး ယခုအထိ တပ်စွဲထားကြောင်းသိရသည်။

စာတည်း – အေးချမ်း