ချင်းပြည်နယ်တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာ၍ လူနေအိမ် ရာနှင့်ချီ ပျက်စီးဟုဆို

မတ်လ၂၁ရက်ညတွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ်မြို့နယ်တွင် ပျက်စီးသွားသော အဆောက်အဦးများ(ဓာတ်ပုံ။ ။ HKl mindat)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ရာနှင့်ချီ ပျက်စီးသွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

စာသင်ကျောင်း နှင့် သာသနာ့အဆောက်အအုံများလည်း ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိသော်လည်း သေဆုံးသူမရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့ မတ်လ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

အလားတူ ကန်ပက်လက်မြို့နယ် တူးမီးတပ်ရင်း ထိန်းချုပ်နယ်မြေအတွင်း ဘာသာရေးအဆောက်အအုံများ၊ စာသင်​​ကျောင်းများ ၊ လူနေအိမ်အလုံး ၁၂၀ နီးပါး ပျက်စီးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ -တူမီးတပ်ရင်းက ထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ၂၁ ရက်ည ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့် နေအိမ်၊စာသင်ကျောင်း နှင့် သာသနာ့အဆောက်အအုံများစွာ အမိုးလန် ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲ၍ လမ်းများပိတ်ဆို့ခြင်းများ ဖြစ်ပေါ် ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“လေပြင်းတိုက်ခတ်တာတော့ တော်တော်ပြင်းထန်တယ်။ ပြင်းထန်တော့ ဘယ်လောက်ပျက်စီးသွားသလဲဆိုတာ ပြောရခက်တယ်။ နေအိမ်တွေရာနဲ့ ချီပျက်စီးမှာတော့ သေချာတယ်။ ကျေးရွာပေါင်း ၄၀၊ ၅၀ လောက်ဖြစ်နိုင်တယ်။ ဒါတောင်ခန့်မှန်း ပြောတာပါ။ ဒီထက်ပိုများနိုင်တယ်။ အကြီးကျယ်ပျက်စီးတာမျိုးရှိတယ်။ ဒီဘက်မှာဆိုရင် သွပ်မိုးတွေလှန်တာမဟုတ်ဘဲနဲ့ အိမ်ကထုတ်တန်းတွေကော၊ တန်းလုံးတွေရော ၊ ယက်မတွေပါအကုန်လုံးလေနဲ့ ပါသွားတာပေါ့နော်။ အိမ်တွေပြိုသွားတာတွေ အများကြီးရှိတယ်။ သစ်ပင်ပြိုလို့ လမ်းတွေ ပိတ်တာရှိတယ်” ဟု မင်းတပ်မြို့နယ် (ပအဖ)မှ တာဝန်ရှိသူ ဆလိုင်းယောမာန်က မဇ္စျိမကို ပြောသည်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်ထိခိုက်ပျက်စီးမှုများကို စာရင်းပြုစုနေဆဲဖြစ်ပြီး လေဘေးသင့်ပြည်သူများအား ကူညီနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်းလည်း ဆလိုင်းယောမာန်က ဆိုသည်။

“ အဓိက က ပြီးခဲ့တဲ့ မိုခါတုန်းက ဒဏ်တွေတော်တော်ထိတယ်။ဒါပေမဲ့ ဒီလောက်ကြီးမဆိုးးဘူး။ အခုဟာမိုခါထက်တောင်မှ လေက ပိုပြင်းတယ်ဆိုတော့ မိုခါတုန်းက မလှန်ခဲ့တဲ့ အိမ်သွပ်မိုးတွေ အကုန်လုံးလှန်သွားတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မတ်လ ၁၈ ရက်နေ့မှ မတ်လ၂၄ရက်နေအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် မိုးတိမ်တောင်ဖြစ်စဥ် စတင်ဖြစ်ပွားလာပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ခြေရှိသောကြောင့် သတိပြုစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးထားသည်။

စာတည်း။ ။အောင််ကျော်ဖြိုး