မွန်ပြည်နယ်တွင် လွတ်ငြိမ်းရသည့် အကျဉ်းသား ၆၀၀ ကျော်အနက် နိုင်ကျဉ်း ၂၆ ဦးသာ ပါဝင်

၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့ တွင် ကျိုက်မရော အကျဉ်းထောင်မှ လွတ်မြောက်လာသူများ

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် လွတ်မြောက်လာသည့် အကျဉ်းသား ၆၀၀ ကျော်အနက် နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာ ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးသည့်အထဲတွင် မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား- ၁၀ ဦး၊ မ – ကိုးဦး၊ သထုံ ဈေးမသွယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး စုစုပေါင်း ၂၆ ဦးသာ ပါဝင်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

“မွန်ပြည်နယ်၊ ကျိုက်မရောမှာက ကျား ၁၀- ယောက်၊ မ – ကိုးယောက်ပေါ့နော်။ စုစုပေါင်း ၁၉ ယောက် လွတ်တယ်ဗျ။ တခြားမှာတော့ နိုင်ကျဉ်းမထားဘူး။ နိုင်ကျဉ်းထားတာ ကျိုက်မရောမှာပဲများတော့ အဲ့က ၁၉ ယောက်လွတ်တယ်ခင်ဗျ။ မော်လမြိုင်မှာတော့ လွတ်တာမရှိဘူးခင်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မဇ္ဈိမမှ ရရှိထားသည့် အချက်အလက်များအရ ကျို​က်မရော ဗဟိုအကျဥ်းထောင်မှ အကျဉ်းသား ကျား- ၆၅ဦး၊ မ- ၃၈ဦး၊ မော်လမြိုင် အချုပ်ထောင်မှ အကျဉ်းသား ကျား- ၂၃၁ ဦး၊ မ- ၁၁၉ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၇၀ ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းအပြင် မွန်ပြည်နယ်ရှိ မုပ္ပလင်၊ တောင်စွန်း၊ အင်္ဂဘို၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ အင်းဗြောင် ကုန်ထုတ်စခန်းများမှ အလုပ်နှင့် ထောင်ဒဏ်ဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသား ကျား- ၈၉ ဦး၊ မ- ၃၅ ဦးတို့လည်း လွတ်ငြိမ်းဖြင့် လွတ်မြောက်လာကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားကြသည်။

ယခုအရေအတွက်သည် မဇ္ဈိမမှ လက်လှမ်းမှီသလောက် ကောက်ယူထားသည့် အရေအတွက်သာဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသား ၉,၆၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ယင်းအနက် မွန်ပြည်နယ်တွင် လွတ်ငြိမ်းဖြင့် လွတ်သည့် အကျဉ်းသူ၊အကျဉ်းသား ၆၀၀ ကျော်အနက် လွတ်ရက်ပြည့်ခါနီး နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာပါဝင်သဖြင့် နိုင်ကျဉ်းလွတ်မြောက်မှု အနည်းငယ်သာ ရှိနေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဥ်းသား ၂၅,၇၄၉ ဦး ရှိပြီး ယင်းအနက် ၁၉,၉၂၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများအနက် ၈,၄၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)