နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၈ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • မကွေးတိုင်း၊ မင်းဘူးခရိုင်၊စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ပေးနေပြီး စစ်ကောင်စီအတွက်လူစုပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦးအား ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ(စလင်း)က သတင်းထုတ်ပြန်သည်။
  • ယနေ့ ဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးသည်”ဒုတိယဖက်ဆစ်တော်လှန်ရေး” အဖြစ် ခံယူကြပြီး ဒုတိယဖက်ဆစ်တော်လှန်ရေး၏ အလံတော်ကလည်း ၁၉၄၅ ပထမဖက်ဆစ် တော်လှန်ရေး၏ အနီထဲက ကြယ်ဖြူပွင့် အလံတော်ကိုပဲ ဆက်ခံထားတာ ဖြစ်ကြောင်း အနီထဲက ကြယ်ဖြူပွင့်သည် တော်လှန်ရေးအင်အားစုအားလုံး၏ တလုံးတစည်း စုစည်းညီညွတ်မှု ပြယုဂ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုထားသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ စစ်ကိုင်းတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲပြုလုပ်ခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုမျာ

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉) Pale Joker PDF က မတ်လ ၂၈ ရက် ယနေ့ထုတ်ပြန်သည်။
  • မကွေးတိုင်းအခြေစိုက်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း – ပွင့်ဖြူ PDF ရဲဘော်များက ဒေသပြည်သူများ၏ စိုက်ခင်းများကို လုပ်အားပေးကူညီခဲ့ကြောင်းသိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉) Pale Joker PDF က မတ်လ ၂၈ ရက် ယနေ့ထုတ်ပြန်သည်။
  • အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီအပေါ် တရုတ်အစိုးရ၏ ယုံကြည်မှု ကျဆင်းလာခြင်း ကြောင့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းအခွင့်အရေးကို အသုံးချပြီး မြန်မာ့အရေးကို တရုတ်နှင့် ပူးပေါင်းဖြေရှင်းသင့်ကြောင်း နိုင်ငံတကာပဋိပက္ခတွေကို လေ့လာသုံးသပ်နေသည့် အဖွဲ့(International Crisis Group) က တိုက်တွန်းလိုက်သည်။
  • ရွှေဘိုမြိုနယ် သပိတ်အင်အားစုနှင့် ရွှေဘိုမြိုနယ်ရွာတစ်ရွာမှ ပြည်သူများက စစ်အာဏာရှင်ကျဆုံးရေးနှင့် စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း SSPP ထုတ်ပြန်ချက်နှင့်ဒေသခံများထံမှသိရသည်။ 
  • စစ်ကောင်စီတပ်များက ဖာပွန်မြို့ကိုစွန့်ခွာသွားပြီဖြစ်ကြောင်းနှင့် ကရင့်တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းနေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၅) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ယောယုံ ဗျူဟာကုန်း စခန်း အပါအဝင် စစ်စခန်း ၆ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက် နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
  • ထိုင်းအစိုးရပေးပို့တဲ့ လူသားချင်းစာနာမှု အကူအညီများကို မြန်မာကြက်ခြေနီအသင်းကတစ်ဆင့် စစ်ဘေးဒုက္ခသည်များဆီ ဖြန့်ဝေခြင်းနှင့်ပတ်သတ်ပြီး ကရင် အမျိုးသားအစည်းအရုံး (KNU) က ဝေဖန်ထားသည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
  • ကရင်လူမျိုး၊ ကော်သူးလေနှင့်တကွ နိုင်ငံရှိ လူမျိုးတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်း တိုက်ပွဲဝင်ကြရန် KNU ကာကွယ်ရေးဌာနမှူးက တော်လှန်ရေးရဲဘော်များကို တိုက်တွန်းလိုက်သည်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတစ်ခုလုံးကို ပြည်သူနှင့် TNLA ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းက ပြောကြားလိုက်သည်။

စစ်ကောင်စီ

  • မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင့်သုံးနေသည့် စစ်မှုမထမ်းမနေရ ဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေကြောင့် ကာကွယ်ရးအင်အား မြင့်တက်လာမည်ဖြစ်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်များ ဆက်လက်ဆောင်ရွက်မည်ဟု မင်းအောင်လှိုင်ပြောဆိုလိုက်သည်။
  • လဝက ဝန်ကြီးဌာနက လုပ်နေပေးနေတဲ့ UID နံပါတ် (အရပ်အခေါ် စမတ်ကတ်) မရရှိသေးသူများ လက်ရှိနေထိုင်သည့် မြို့နယ်ရှိ လဝကရုံများတွင် အခမဲ့ပြုလုပ်နိုင်ကြောင်း ပြန်ကြားရေးက သတင်း ထုတ်ပြန်သည်။
  • ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ကနိုင်ငံငယ်များအပေါ်ကြားဝင်စွက်ဖက်ခြင်းသည် ခေတ်သစ် ကိုလိုနီပြုခြင်းတစ် မျိုးဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တွင် ပြောသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြော ဆိုသည်။
  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်အဖြစ် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။

မတ် ၂၈ သုံးသပ်ချက်

  • အာဏာလုမင်းအောင်လှိုင်၏ ယခုရက်ပိုင်းပြောဆိုချက်များကို ကြည့်ပါက တပ်သားပြုန်တီးမှုကို ပြန်လည်ဖြည့်တင်းနိုင်သည့် စစ်မှုထမ်းဥပဒေကို သဘောကျနေပြီး ဆက်လက်လုပ်ဆောင်မည့် သဘောများကိုလည်း ပြောဆိုသွားသည်ကို တွေ့ရသည်။