စစ်မှုထမ်းဥပဒေနှင့် ဆောက်လုပ်ရေးပစ္စည်းများဈေးတက်မှုကြောင့် တပိုင်တနိုင် ဆောက်လုပ်ရေးလုပ် ငန်းများ ရပ်ဆိုင်း

မဇ္ဈိမ။ ။လတ်တလောထွက်ပေါ်သည့် စစ်မှုထမ်းဥပဒေနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များဈေးတက်လာသည့်အတွက် တပိုင်တနိုင်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း သွားကြောင်း သိရသည်။

“အရင်ကအခြေနေကို မပြောတော့ဘူးဗျာ။ အာဏာသိမ်းပြီး တနှစ်ကျော်လောက်ထိ အဆင်မပြေဘူး။ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းလေးတွေ ရပ်ကွက်ထဲမှာပြန်လုပ်လာရတယ်။ အဲဒီအချိန်မှာ တွက် ချက်ပြီး PAE (Plinth Area Estimate) ၆၅,၀၀၀ လောက်နဲ့ လက်ခံလိုက်တဲ့အလုပ်က အလုပ်လည်း စဆောက်ရော သံတွေဝယ်မရတာ၊ ဘိလပ်မြေဝယ်မရတာကြုံတော့ အခု PAE ၈၅,၀၀၀ တောင် ရှုံးနေကြ တယ်။ နောက်ပြီး ကျွန်တော့်ဆီမှာလုပ်ကိုင်နေတဲ့ အလုပ်ကြမ်းသမားတွေက နယ်ကလာပြီးလုပ်ကြတဲ့ လူငယ်လေးတွေ၊ အခု စစ်မှုထမ်းဥပဒေထွက်တဲ့အခါမှာ ကြောက်ပြီးတော့ပြန်ပြေးကြတယ်။ တချို့က လည်း ထိုင်းကိုသွားကြတယ်။ အလုပ်လုပ်မဲ့လူမရှိတော့ အချိန်မီမပြီးဘဲ အလုပ်တွေ ရပ်ကုန်တာပေါ့’’ ဟု ရွှေပြည်သာမြို့နယ်မှ ကန်ထရိုက်တာတဦးက ဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ သုံးပုံနှစ်ပုံမှာ နယ်စပ်ဂိတ်များမှတဆင့် အဆင့်ဆင့် သယ်ယူရခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် လမ်ကြောင်းများပိတ်ဆို့ပြီး ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေး အဆမတန်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

“ပြည်တွင်းမှာထုတ်တဲ့ ဘိလပ်မြေတောင် ဝယ်မရဘူးဖြစ်နေတယ်။ စက်ရုံက မထုတ်နိုင်တော့တာ။ ဘာ ကြောင့်လည်းဆိုရင် လောင်စာဆီအခက်အခဲကြောင့်လို့ ပြောရမှာပေါ့။ ကျောက်ဆည်ဘိလပ်မြေစက်ရုံ ကထွက်တဲ့ ဘိလပ်မြေတွေဆိုရင် စက်ရုံတိုက်ရိုက်ဈေးတောင် ၈,၀၀၀ ကျော်နေတယ်။ ရန်ကုန်မှာရှိတဲ့ ဆိုင်ကြီးတွေမှာဆိုရင်လည်း Alpha တံဆိပ် ဘိလပ်မြေတအိတ်ကို ၁၇,၀၀၀ ကျော်နဲ့ရောင်းနေကြတယ်” ဟု ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ စားသောက်ကုန်၊ လူကုန်သုံး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးများ အဆမတန်ဈေးတက်နေပြီး ဈေးကွက်တွင် ပစ္စည်းများပြတ်လပ်သည်အထိ ဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။

စာတည်း။ ။စောဖေ