ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ဖွဲ့စည်းပုံ လိုအပ်ဟု ICNCC ဆို

ပုံအညွှန်း – CRPH နှင့် ICNCC ကိုယ်စားလှယ်များ အွန်းလိုင်းအစည်းဝေးတွင် မြင်တွေ့ရစဥ် (ပုံဟောင်း)

ပါခွီး

(မဇ္စျိမ) ။ ။မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းပြည်နယ်တွင်လည်း ချင်းမျိုးနွယ်စုအားလုံးပါဝင်လက်ခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)သဘာပတိ ဒေါက်တာကန်တွန်က ပြောသည်။

“ကျနော်တို့မှာ လုပ်ဆောင်စရာ အဆင့်တွေများပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီ အမှန်တကယ် လိုလားကြတယ်ဆိုရင် လုပ်ငန်းစဥ်ကလည်း မြန်နိုင်ပါတယ်။ နိုင်ငံရေးက သွက်လက်မြန်ဆန်ဖို့ လိုအပ်တဲ့အချိန်ရှိပေမဲ့ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက မဇ္စျိမကိုပြောသည်။

တော်လှန်ရေးတွင် ပါဝင်နေသည့် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ၊ မတူကွဲပြားသည့် ချင်းမျိုးနွယ်စုများအားလုံး စုံလင်စွာပါဝင်သော တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း ဒေါက်တာကန်တွန်က ပြောသည်။

ချင်းပြည်နယ်အတွက် ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူများ (Principles) ၊အနာဂါတ်မျှော်မှန်းချက်များ (Visions) များပါဝင်သော နိုင်ငံရေးဘုံသဘောတူညီချက် (Political Agreement) တည်ဆောက်ရင်း နောက်ဆုံးတွင် နိုင်ငံရေးကတိကဝတ် (Political Pact) တည်ဆောက်ပြီးပါမှ အားလုံးသဘောတူ လက်ခံနိုင်သော ဖွဲ့စည်းပုံကို ရေးဆွဲနိုင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

ချင်းပြည်သူများ၏ လိုအပ်ချက်များကို ပို၍ဖြည့်ဆည်းနိုင်ရေး၊ တော်လှန်ရေးကို အင်အားဖြစ်စေမည့် လက်တွေ့ကျသော ရလဒ်ထွက်နိုင်ရန်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန် ဆက်လက်ရပ်တည် ကြိုးစားနေကြောင်း ICNCC ၏၂၀၂၄ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်နေရာအနှံ့အပြား၌ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့များ၏ စခန်းသိမ်းမှု ၊ မြို့သိမ်းမှု များစွာလုပ်ဆောင်နိုင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ထိန်းချုပ်နယ်မြေများ တိုးချဲ့လျက် ပြည်သူ့အုပ်ချုပ်ရေးများ အသက်သွင်းကာ ပြည်သူ့ဝန်ဆောင်မှုများ လည်ပတ်နေပြီဖြစ်ကြောင်း ICNCC က အသိပေးထားသည်။

ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်သော ချင်းပြည်နယ်မှ မည်သည့်ကာကွယ်ရေးအဖွဲ့ ၊ မျိုးနွယ်စုလက်နက်ကိုင်မဆို လက်ခံပြီး တော်လှန်ရေးကို အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာကန်တွန်က ပြောသည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ကို ချင်းပြည်နယ်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးများဆောင်ရွက်သွားရန်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ၂၀၂၁ခုနှစ် ဧပြီလ ၁၃ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)