ရွှေကုက္ကိုလ်မြို့သစ်ကို လောက်ကိုင်မှ ရောက်ရှိလာသူများရှိပြီး ကျားဖြန့်လုပ်ငန်းအတွက် လူသစ်ခေါ်ယူနေဟုဆို

သွင်ထူးဈာန်(ကော်သူးလေ)

ကရင်ပြည်နယ် ၊ မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်အတွင်းသို့ လောက်ကိုင်မှ ရောက်ရှိလာသူများရှိပြီး ကျားဖြန့်လုပ်ငန်းအတွက် လူသစ်ခေါ်ယူနေမှုများ ရှိနေသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

“လောက်ကိုင်မှာ ကျားဖြန့်ကို နှိမ်နင်းခံလိုက်ရတော့ ဒီဘက်ကို တော်တော်များများ ဝင်လာကြတယ်။ တရုတ်လူမျိုးများတယ် ။ ၁၈နှစ်ကနေ ၃၅နှစ်ဝန်းကျင်လောက် အနည်းဆုံး လူတထောင်လောက်ကို ဝင်လာကြတာ ။ သူတို့ဝင်လာပြီး မကြာဘူး အလုပ်အတွက် လူသစ်ခေါ်တော့တာဘဲ”ဟု ရွှေကုက္ကိုလ်မြို့သစ်အတွင်းရှိ ရထိုက်ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ရှမ်းမြောက်ဒေသ လောက်ကိုင်မြို့မှ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ကိုင်နေသူများသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရွှေကုက္ကိုလ်မြို့သစ်သို့ ပြောင်းရွှေ့လာကြခြင်းဖြစ်သည်ဟုဆိုသည်။

ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ကိုင်နေသူ တရုတ်လူမျိုးများ ရောက်ရှိလာပြီးနောက် ရွှေကုက္ကိုလ်တွင် အွန်လိုင်းမှတဆင့် လူသစ်အများအပြား ခေါ်ယူလာကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် BGF ၊ DKBA ၊ KNLA-PC ကရင့်လက်နက်အဖွဲ့ လမ်းကြောင်းများဖြင့်ဝင်ရောက်လာကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ရွှေကုက္ကိုလ်ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ငန်းအတွက် လူသစ်များကို တယ်လီဂရမ်တွင် shwe Koke Koအလုပ်အကိုင် ရှာဖွေရေးအမည်ဖြင့် ဗမာ၊တရုတ် နှစ်ဘာသာဖြင့် ချန်နယ်ဖွင့်ကာ လူခေါ်နေခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရွှေကုက္ကိုလ်မြို့သစ်တွင် အဆောက်အဦးအသစ်များ ဆောက်လုပ်နေကြောင်းလည်း သိရသည်။

“ဒီနှစ်ကပိုပြီး အဆောက်အဦးအသစ်တွေ အများကြီး ဆောက်နေတယ် ။ မနှစ်က တရုတ်တွေအများကြီး ဝင်လာတယ်လေ။ လုပ်ငန်းတိုးချဲ့မယ်လို့ကြားတယ် ။ အဆောက်အဦးပုံစံက အဆောက်အဦးတိုင်းမှာ မြေအောက်ခန်းတွေပါတယ်။ တချို့အခန်းတွေဆို ပြူတင်းပေါက်တောင် မပါဘူး”ဟု ရွှေကုက္ကိုလ်မြို့သစ်မှ ဆောက်လုပ်ရေးဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

shwe Koke Koအလုပ်အကိုင်ရှာဖွေရေး တယ်လီဂရမ်ချန်နယ်တွင် အလုပ်နှစ်မျိုး (Findingနှင့်Chatting) ခေါ်ယူနေပြီး လစာအနေဖြင့် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ကျော်ထိ ပေးမည်ဟုဆိုကာ ကြေငြာထားကာ ဆွီဒင်၊ဘရားဇီး၊မက္ကစီကို၊အမေရိကန်စသည့် အနောက်နိုင်ငံမှလူများ ရှာရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“ငွေကြေးတန်ဖိုး မြင့်မားတဲ့နိုင်ငံကို အဓိက ပစ်မှတ်ထားတယ်။ ဗီဒီယိုကောနဲ့ စကားပြောဖို့အတွက် မော်ဒယ်အမျိုးသမီးတွေခေါ်တယ်။ တချို့ အလုပ်ရုံတွေဆို ဘာသာစကားတတ်တဲ့သူကိုခေါ်တယ်။ ဘာလို့ဆို သူတို့က AIနဲ့မျက်နှာပြင်ပြီး ဗီဒီယိုကောစကားပြောဖို့အတွက်လေ လစာကတော့ အမျိုးမျိုးပေါ့”ဟု တယ်လီဂရမ်ချန်နယ်တွင် အလုပ်ခေါ်နေသည့် အမည်မဖော်လိုသူ အမျိုးသမီးက ပြောသည်။

အဆိုပါ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)လုပ်ငန်းတွင် လုပ်ကိုင်နေသူ မည်သူမဆို ဥပဒေအရ ရာဇဝတ်မှု ကျူးလွန်သူများဖြစ်ကြပြီး ဝင်ရောက်ဖမ်းဆီးခံရလျှင် မြန်မာဝန်ထမ်းများပါ ဖမ်းဆီးခံရနိုင်ကြောင်း ရှေ့နေတဦးက မှတ်ချက်ပြုသည်။

“အာဏာသိမ်းပြီးတော့ မြို့ပေါ်မှာအလုပ်က မရှိသလောက် ရှားသွားပြီလေ။ အဲ့တော့ထိုင်းငွေ ၁၅၀၀၀ ရမယ်ဆိုတော့ သွားလုပ်မိတယ် ။သုံးလပဲ လုပ်လိုက်ပါတယ် ။အဆင်မပြေတော့ ပြန်ထွက်လာတာ ။ပေးတဲ့လစာနဲ့ သူတို့ပြန်ဖြတ်တာက ပိုများနေတယ်။ မီတာခနဲ့ရေခလဲ တောင်းတယ်။ ဒဏ်ကြေးလဲ အများကြီးဆောင်ရတယ် ။အိမ်တောင်ပြန်မပို့နိုင်ဘူး”ဟု ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူ အမျိုးသားတဦးက ပြောသည်။

လုပ်ငန်းခွင်အတွင်း မြန်မာလူမျိုးများကို ရိုက်နှက်ခြင်းမရှိသော်လည်း ဒဏ်ကြေးအများအပြား ပေးဆောင်ရပြီး နိုင်ငံခြားသားများကို ရိုက်နှက်ခြင်း၊နှိပ်စက်ခြင်းများရှိကြောင်း ၎င်းကပြောသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် Yatai International Holdings Group နှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ပိုင် ကုမ္ပဏီဖြစ်သည့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ပူးပေါင်း‌ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ်အား ကာစီနိုများ၊အွန်လိုင်းလောင်းကစားဂိမ်းနှင့် ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)ပြုလုပ်သည့် ဒုစရိုက်မြို့အဖြစ် နိုင်ငံတကာမှ သတ်မှတ်ထားသည်။

ကျားဖြန့်လုပ်ငန်းများ၊ လူကုန်ကူးမှု လုပ်ငန်းများတွင် ကျူးလွန်မှု၌ ပါဝင်ပတ်သက်သည်ဟုဆိုကာဗိုလ်မှူးကြီး စောချစ်သူနှင့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့ အပါအဝင် လူပုဂ္ဂိုလ်အချို့ကို ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပိတ်ဆို့အရေးယူ‌ခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ