သိန္နီ စကခ(၁၆) စခန်းသိမ်းတိုက်ပွဲတွင် လေယာဉ်ပစ်လက်နက်နှင့် လက်နက်ဂိုဒေါင်ပါ သိမ်းဆည်းရရှိ

ဓါတ်ပုံ- PLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၌ နောက်ဆုံးကျန်ရှိသည့် စကခ(၁၆) စခန်းသိမ်းတိုက်ပွဲတွင် လေယာဉ်ပစ်လက်နက် အပါအဝင် လက်နက်ဂိုဒေါင်ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) က ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းစခန်း သိမ်းပိုက်မှုအတွင်း လေယာဉ်ပစ်လက်နက် ပွိုင့် 5၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်များ အပါအဝင် လက်နက်ဂိုဒေါင် နှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရှရိခဲ့ကြောင်း PLA က ထုတ်ပြန်သည်။

သိန္နီမြို့ကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်တွင် နောက်ဆုံးကျန်ရှိနေသည့် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ စကခ(၁၆) ဧရိယာအနီးတဝိုက်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့တွင် စကခ(၁၆) တခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သိန္နီအခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ(၁၆) အောက်ရှိ ခလရ(၆၉) တပ်ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၂၄၀)၊ ခမရ(၃၂၃)၊ အင်ဂျင်နီယာတပ် နှင့် ဆေးတပ်များမှ စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၆ ရက် ညတွင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြသဖြင့် စကခ(၁၆) ဧရိယာ တခုလုံးကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းကို မဟာမိတ်တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က သိန္နီမြို့အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့အတွင်း၌ ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း လားရှိုးမြို့သို့ စစ်ဘေးတိမ်းရှောင်နေသည့် သိန္နီမြို့ခံတဦးက ပြောသည်။

“ကျမတို့ရွာကိုလည်း လေယာဉ်ကြဲတာ ခံထားရတယ်လို့ သတင်းကြားတော့ စိတ်ပူတယ်။ တကယ်လို့ပြန်ရ‌ရင်တောင် နေစရာအိမ်ကောရှိပါ့မလား ကျမတို့လယ်ယာတွေထဲဆိုလည်း ဗုံးတွေ ကျည်တွေ အကုန်ထိထားပြီထင်တာပဲ။ ပြန်ရင်တောင် ဘာနဲ့စားကြမလဲ ဘ၀ကို ဘယ်လိုပြန်စရမယ်မှန်းမသိဘူး” ဟု ၎င်းက ပြောသည်။

သိန္နီမြို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည်။

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ညီနောင်သုံးဖွဲ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA နှင့် ဒရုန်းနည်းပညာအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး