ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် စစ်ကောင်စီခန့် ဝန်ကြီးအချို့ ​နေရာ​ပြောင်းလဲခံရ

ပုံအညွှန်း – ဗိုလ်ချုပ်ကြီးမိုးအောင် ကို ရုရှားဒုရေတပ်ဦးစီးချုပ်နှင့်မြင်တွေ့ရစဥ်

001

(မဇ္စျိမ) ။ ။ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးနှစ်ဦးကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် နေရာအပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ကြေညာသည်။

ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌရုံးဝန်ကြီးဌာန ၄ သို့ ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းရွှေ့လိုက်ကာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း အစားထိုးခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

နောက်ထပ် ပြောင်းရွှေ့ခံရသူနှစ်ဦးမှာ စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂ ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၁ ဝန်ကြီး ဦးအောင်နိုင်ဦးတို့ဖြစ်သည်။

ဦးကိုကိုလှိုင်အား စစ်ကောင်စီဉက္ကဌရုံး ဝန်ကြီးဌာန ၁ နှင့် ဦးအောင်နိုင်ဦးအား စစ်ကောင်စီဉက္ကဌရုံး ဝန်ကြီးဌာန ၂ တို့တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ​ပြောင်း​ရွှေ့ခန့်အပ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

NLD အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီးဖြစ်လာသည့် ဦးအောင်နိုင်ဦးသည် လက်ရှိတွင် အစားထိုးပြောင်းရွှေ့ခံရသည့် ဝန်ကြီးဌာန လေးခုအထိပင် ရှိလာသည်။

လက်ရှိ နေရာပြောင်းရွှေ့လိုက်သူများ၏ ယခင်ရာထူးနေရာများတွင် မည်သူတို့အား အစားထိုးခန့်အပ်ကြောင်းကိုမူ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပေ။

သို့သော် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နေရာတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား အစားထိုးတာဝန်ပေးလိုက်ကြောင်း BBC Burmese က ယနေ့ ညနေပိုင်းတွင် ရေးသားထားသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား အစားထိုးကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက သတင်းထွက်ပေါ်ခဲ့​ဖူးသော်လည်း ထိုအချိန်က စစ်ကောင်စီက ငြင်းဆိုခဲ့ဖူးသည်။